ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို မြေဝယ်ယူခွင့်ပြုမည့် အစီအစဥ် ဖျက်သိမ်း

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများကို မြေဝယ်ယူခွင့်ပြုမည့် အစီအစဥ် ဖျက်သိမ်း
နိုဝင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ချမ်းသာကြွယ်ဝသည့် နိုင်ငံခြားသားများကို ထိုင်းနိုင်ငံတွင် အကန့်အသတ်ဖြင့် မြေဝယ်ယူပိုင်ဆိုင်ခွင့်ပြုရန် စီစဥ်နေမှုအား ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ (၈) ရက်တွင် ပြောသည်။ 

နိုင်ငံခြားသားများကို မြေဝယ်ယူခွင့်ပြုမည့် ထိုင်းအစိုးရ၏ အစီအစဥ်အပေါ်  ပြည်သူလူထုကြား ဝေဖန်ကန့်ကွက်မှုများရှိလာပြီးနောက် ထိုအစီအစဥ်ကို ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာလ (၂၅) ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုပြုခဲ့သည့် အစီအစဥ်သစ်အရ သတ်မှတ်ချက်ကိုက်ညီသော နိုင်ငံခြားသားများကို နေထိုင်ရန်အတွက် ရည်ရွယ်ချက်ဖြင့် အများဆုံး မြေဧက (၀.၄) ကို ဝယ်ယူခွင့်ပြုသွားမည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ပြောထားခဲ့သည်။ 

ထိုင်းအစိုးရ၏ အစီအစဥ်သစ်အရ လူနေထိုင်ရန် မြေပိုင်ဆိုင်ခွင့်ပြုသွားမည့်သူများမှာ မြေတန်ဖိုးအပါအဝင် ထိုင်းနိုင်ငံတွင် အနည်းဆုံး ဘတ် သန်း (၄၀) ကို အနည်းဆုံး (၃) နှစ်ကြာ ရင်းနှီးမြှုပ်နှံရမည်ဟု ဆိုသည်။

သို့သော် ဝေဖန်သူများက သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ နည်းလွန်းကြောင်းနှင့် အစိုးရ၏ ထိုမူဝါဒက အိမ်ခြံမြေဈေးနှုန်းများကို မြင့်တက်စေနိုင်ကြောင်း ကန့်ကွက်ပြောဆိုကြသည်။

 "ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပြုချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ သက်ဆိုင်သူအားလုံးထံမှ သဘောထားအမြင်တွေကို နားထောင်ဖို့ပါ။ ဒါမှ ပြည့်စုံမှာဖြစ်ပါတယ်" ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ဆိုသည်။

ပြည်ထဲရေးဝန်ကြီး Anupong Paochinda က ယခုကိစ္စမှာ ထိလွယ်ရှလွယ်ဖြစ်ပြီး အားနည်းချက်နှင့် အားသာချက်များကို ချင့်ချိန်ရန်လိုအပ်ကြောင်း ပြောခဲ့သည်။ 

ထိုင်းနိုင်ငံက ချမ်းသာကြွယ်ဝသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခြင်းဖြင့် စီးပွားရေးမြှင့်တင်ရန် ကြိုးပမ်းနေပြီး သတ်မှတ်ချက်ကိုက်ညီသည့် နိုင်ငံခြားသားများ ထိုင်းနိုင်ငံတွင် (၁၀) နှစ်ကြာအထိ နေထိုင်နိုင်သော ဗီဇာအစီအစဥ်သစ်အတွက် လျှောက်ထားမှုများကို စက်တင်ဘာလအတွင်း စတင်လက်ခံခဲ့သည်။

Source: Bangkok Post, Reuters