တာချီလိတ်မြို့တွင် ပြည်နယ် စကစ ဝန်ကြီးချုပ် တစ်ညအိပ်လာမည်ဖြစ်၍ လမ်းဘေး ဈေးသည်များကို ရှင်းလင်း ဖယ်ရှားထား

 တာချီလိတ်မြို့တွင် ပြည်နယ် စကစ ဝန်ကြီးချုပ် တစ်ညအိပ်လာမည်ဖြစ်၍ လမ်းဘေး ဈေးသည်များကို ရှင်းလင်း ဖယ်ရှားထား
အောက်တိုဘာ 13, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တစ်ညလာအိပ်မည်ဖြစ်၍ တာချီလိတ်မြို့ပေါ် လမ်းမကြီးဘေးတစ်လျှောက်ရှိ ဈေးသည်များအားလုံးကို တစ်ရက်ကြိုတင်၍  ရှင်းလင်း ဖယ်ရှားထားပြီး ယာဉ်ထိန်းယာဉ်များမှာလည်း သေနတ်များကိုင်စောင့်ထားပြီး မီးပွိုင့်တွင် စောင့်ဆိုင်းနေရသည်ဟု သိရသည်။

မော်တော်ပီကယ်တွေကတော့ မီးပွိုင့်တွေမှာ သေနတ်ကိုင်ပြီး စောင့်နေကြတယ်။ ခါတိုင်း မော်တော်ပီကယ် တစ်ယောက်ပဲရှိတဲ့ ရုံးလေးက ခုတော့ (၃)ယောက်တောင် စောင့်တယ်။ ဈေးသည်တွေလည်း ခါတိုင်းဆိုရင် ရှမ်းရိုးမကွင်းရှေ့မှာ အပြည့်ပဲ၊ ခုက လူကြီးလမ်းကြောင်းရှိလို့ဆိုပြီး လမ်းပေါ်မှာ မဖွင့်ရဘူး

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့သည် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲရုံးတွင် အစည်းအဝေးပြုလုပ်ခြင်း၊  ကျိုင်းတုံ - မိုင်းမ - မိုင်းလားရှိ ဝမ်တာပင်း ဂိတ်၌ (၆)ခန်းတွဲ ပူးပေါင်းရုံး တည်ဆောက်မည့် နေရာအား သွားရောက်ကွင်းဆင်းကြည့်ရှုခြင်း၊  မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် ရွှေထီးတော်သစ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်နှင့်တွေ့ဆုံကာ ဆွေးနွေးခြင်းနှင့် ကျပ်သိန်း(၅၀)လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ယနေ့ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျိုင်းတုံခရိုင်အတွင်း လှည့်လည်နေပြီးနောက် အောက်တိုဘာလ(၁၄)ရက်နေ့တွင် တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းအထိသွားရောက်ပြီး ညမိုးချုပ်းတွင် တာချီလိတ်မြို့ ရောက်ရှိကာ တစ်ညအိပ်မည်ဟု သိရသည်။