တာချီလိတ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီအလိုကျ PSI စလောင်း အလုံး (၈၀)ကျော် ဖြုတ်သိမ်းခိုင်းထား

တာချီလိတ်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီအလိုကျ PSI စလောင်း အလုံး (၈၀)ကျော် ဖြုတ်သိမ်းခိုင်းထား
ဧပြီ 11, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်မြို့ နှင့် ကျိုင်းလပ်မြို့တို့တွင် ဧပြီလ(၁၁)ရက်နေ့အထိ PSI စလောင်း အရေအတွက် စုစုပေါင်း အလုံး(၈၀)ကျော်ကို ဖြုတ်သိမ်းထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ကျိုင်းလပ်မြို့တွင် ရပ်ကွက်(၃)ခု နှင့် ကျေးရွာအုပ်စု (၃)ခုတို့မှ PSI စလောင်း စုစုပေါင်း (၅၂)လုံး နှင့် တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု  နှင့် ဝမ်လုံးကျေးရွာအုပ်စုတို့တွင် အလုံး (၂၀) အပါအဝင် ယနေ့ တွင် စုစုပေါင်း PSI စလောင်း (၇၂)လုံးကို ဖြုတ်သိမ်းထားကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ ညွှန်ကြားချက်နှင့် တာချီလိတ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထပ်မံ ညွှန်ကြားချက်များဖြင့် တာချီလိတ်မြို့တွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆက်သွယ်ရေးဌာန နှင့် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် PSI စလောင်းများ ဖြုတ်သိမ်းရေးကြီးကြပ်အဖွဲ့ကို ဧပြီလ(၁၀)ရက်နေ့က ဖွဲ့စည်းပြီး စတင်ဖြုတ်သိမ်းနေကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ဧပြီလ(၁၀)ရက်နေ့မှ ဧပြီလ(၁၁)ရက်နေ့အထိ နှစ်ရက်အတွင်း PSI စလောင်းအရေအတွက် စုစုပေါင်း အလုံး (၈၀)ကျော်ကို ဖြုတ်သိမ်းထားခိုင်းပြီ ဖြစ်ကြောင်းသိရသည်။

 

မြန်မာနိုင်ငံအတွင်း၌ ပြည်သူများ သတင်းအချက်အလက် စီးဆင်းမှု၊ ပွင့်လင်းမြင်သာမှု မရှိစေရန် အင်တာနက်လိုင်းများကို အချိန်ပိုင်း အကန့်သတ်များဖြင့် အသုံးပြုခွင့်သာ ပေးထားပြီး၊ ယခုအခါမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကိုင်များ ပြည်သူများအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်နေမှု၏ အခြေအနေများကို MIZZIMA နှင့် DVB ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပေးနေရာတွင် PSI စလောင်းများမှ တဆင့် ကြည့်ရှုနိုင်နေသည့်အတွက် လိုက်လံသိမ်းဆဲနေကြခြင်း ဖြစ်ပြီး၊ ပြည်သူများမှ ဝယ်ယူထားသည့် စလောင်းများကို အကြောင်းမဲ့ သိမ်းဆည်းခြင်း မခံရရန်အတွက် ထိုင်းနိုင်ငံ PSI Corporation ကုမ္ပဏီ  ရုပ်သံလိုင်း (၂)ခုကို ဖြုတ်ချပေးထားသော်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအဖွဲ့က လိုက်လံသိမ်းခိုင်းနေခြင်း ဖြစ်သည်။