မြန်မာ - လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းဘေးတွင် တရားမဝင် ခိုးဝင် ခိုးထွက် မြန်မာများကို နှစ်ဖက်စလုံးက နေ့ရော ညပါ ဖမ်းဆီးမှုများရှိနေ

လာအိုနိုင်ငံဘက်သို့ ခိုးကူး သွားလာသည့် နေရာများထဲက တစ်နေရာ
လာအိုနိုင်ငံဘက်သို့ ခိုးကူး သွားလာသည့် နေရာများထဲက တစ်နေရာ
မြန်မာ - လာအိုနယ်စပ် မဲခေါင်မြစ်ကမ်းဘေးတွင် တရားမဝင် ခိုးဝင် ခိုးထွက် မြန်မာများကို နှစ်ဖက်စလုံးက နေ့ရော ညပါ ဖမ်းဆီးမှုများရှိနေ

မြန်မာ - လာအိုနယ်စပ် တာချီလိတ်မြို့နယ်အတွင်း မဲခေါင်မြစ်ကမ်းကနေ လာအိုနိုင်ငံဘက်သို့ ပွဲစားဖြင့် ခိုးကူး ခိုးဝင်သူများကို မြန်မာဘက်က အပါအဝင် လာအိုဘက်က လည်း ဖမ်းဆီးနေသည်မှာ ယခုရက်ပိုင်းအတွင်း အများအပြား ဖမ်းမိထားကြောင်း သိရသည်။

ရဲစခန်းမှာ  အချုပ်နဲ့တောင်မဆံ့တော့ဘူး။ လူ (၁၀၀)နီးပါးရှိနေပြီ။ ခိုးဝင်ရော ခိုးထွက်ရောပဲ နေ့တိုင်း မိနေတာ။ လာအိုဘက်ကလည်း ဖမ်းနေတယ် နှစ်ဖက်စလုံးက အဖမ်းကြမ်းနေတယ်လို့ ကြားတယ်

ဟု  သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံတွင် မိုင်းယောင်းနယ်မြေခံတပ်ဖြစ်သည့် အမှတ်(၃၁၁)ခြေမြန်တပ်ရင်းမှ လာရောက်အထိုင်ချကာ လာအိုဘက်ကမ်းသို့ ပွဲစားဖြင့် ခိုးကူးသူများကို စောင့်ဖမ်းပြီး ဝမ်ပုံရဲစခန်းသို့အပ်ကာ လဝကအက်များဖြင့် အမှုဖွင့်အရေးယူသည်ဟု သိရသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်ကလည်း လာအိုနိုင်ငံဘက်ကနေ မြန်မာဘက်သို့ တရားမဝင် ခိုးကူးလာသည့် မြန်မာနိုင်ငံသားများဖြစ်ကြသည့် အမျိုးသား(၂၁)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၂၃)ကို အာဏာသိမ်းစစ်ကောင်စီတပ်၏ ခမရ (၃၁၁) နှင့်အဖွဲ့က ဖမ်းမိသလို ယခု ကာလအတွင်း နေ့ရော ညပါ ဖမ်းမိနေကြောင်း သိရသည်။

ဝမ်ပုံရှိ မယ်ခေါင်မြစ်ကမ်းတစ်လျှောက်တွင် တာဝန်ကျ စရဖ၊ ရဲ၊ လဝက နှင့် သက်ဆိုင်ရာဝန်ထမ်းအချို့က ပွဲစားများနှင့် လက်ဝါးရိုက်လုပ်စားသည်ဟု သတင်းထွက်နေသည့်အတွက် စစ်ကောင်စီတပ်က လာရောက်ပြီး စောင့်ကြည့် ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း ဝမ်ပုံဒေသခံများက ဆိုသည်။

မြန်မာဘက်မှ ပွဲစားအား တစ်ဦးလျှင် အနည်းဆုံး ကျပ်(၁၃)သိန်းပေးကာ လာအိုဘက်သို့ ခိုးဝင်သူများရှိသလို လာအိုဘက်ကနေလည်း ပြည်တွင်း ပြန်ချင်သူများက သက်ဆိုင်ရာ အဆင့်ဆင့်၏ တင်ပြခွင့်ပြုသည်များမှာ ကြန့်ကြာသည့်အတွက် မစောင့်နိုင်တော့ဘဲ ခိုးပြန်လာရာတွင်လည်း ဖမ်းခံနေရသည်ဟု သိရသည်။

အခုလို ကိုဗစ် ကာလမှာ ဒီဖက်ကို မလာစေချင်ဘူး။ ဒီဖက်ကို လာဖို့ ပွဲစားကို အနည်းဆုံး ကျပ်(၁၃)သိန်းပေးရတာ။ တချို့ဆို ငွေမရှိတော့ ချေးငှားလာတာ လယ်ပေါင်လာတာ တွေတောင်ရှိတယ်။ အခုကာလ ခိုးလာလို့ ဒီဖက် ရောက်ခဲ့ရင် ဖမ်းမိရင်လည်း မသက်သာဘူး။ အခြေအနေ တခုကို စောင့်စေချင်တယ်။ ကျွန်တော်တို့လည်း ဒီဖက်မှ အဆင်မပြေဘူး။ ပြန်ချင်နေပြီ။ တချို့လည်း ဒီဘက်က အထက်ကို တင်ပြပေးတာ ကြာလို့ဆိုပြီး ခိုးပြန်ကြတာလည်းရှိတယ်။ ခိုးဝင် ခိုးပြန်က ငွေအတော်ကုန်တယ်

ဟု လာအိုနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးက ပြောသည်။

မြန်မာ - လာအိုနယ်စပ် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သား အများအပြားရှိရာတွင် Covid-19 ကာလအတွင်း အခက်အခဲများစွာ ဖြစ်ပေါ်ပြီး အလုပ် လုပ်ကိုင်မရတော့သည်များရှိသည့်အတွက် နေရပ်ပြန်လာသူများရှိနေသည့်အကြားက အလုပ်အကိုင်လုပ်ရန်အတွက် ပွဲစားများကနေ တဆင့် ခိုးဝင်မှုများရှိနေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်သို့ သွားရောက် အလုပ် လုပ်ကိုင်သူများမှာ ဝမ်ပုံဆိပ်ကမ်းကနေ သွားရသည်ဖြစ်သော်လည်း Covid-19 ကူးစက်မှုများကြောင့် ဝမ်ပုံဆိပ်ကမ်း နှင့် လာအိုနိုင်ငံဘက် မိုင်းမောဆိပ်ကမ်းတို့ကို ပိတ်လိုက်သည့်အတွက် တရားဝင်သွားရောက်၍ မရတော့ခြင်း ဖြစ်သည်။