တာချီလိတ်မြို့တွင် (၈)လတာအတွင်း ဆိုင်ကယ်ခိုးခံရသည်မှာ အနည်းဆုံး အစီး(၄၀၀)ကျော်ရှိသော်လည်း (၁၈)စီးသာ ဖော်ထုတ်နိုင်

တာချီလိတ်မြို့တွင် (၈)လတာအတွင်း ဆိုင်ကယ်ခိုးခံရသည်မှာ အနည်းဆုံး အစီး(၄၀၀)ကျော်ရှိသော်လည်း (၁၈)စီးသာ ဖော်ထုတ်နိုင်
အောက်တိုဘာ 7, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အောက်တိုဘာလ၏ ပထမပတ်အတွင်း ဆိုင်ကယ်(၁၈)စီး နှင့် ဆိုင်ကယ်ခိုးသူ (၂၁)ဦးကို ဖမ်းဆီးဖော်ထုတ်မိသည်ဟု ရဲတပ်ဖွဲ့က အသိပေးထားသော်လည်း ဖမ်းဆီးရမိသည့် သူခိုးများနှင့် ပတ်သက်၍ မည်သူဖြစ်သည်ကို အမည်နှင့်တကွ မဖော်ပြသလို ခိုးခံရသည့်ဆိုင်ကယ်မှာ အစီး (၄၀၀)ကျော်အထိရှိနေပြီး လက်ရှိမှာ (၁၈)စီးသာ ဖော်ထုတ်ရမိသည်အတွက်  နည်းနေသေးသည်ဟု ဒေသခံများက ရဲတပ်ဖွဲ့အပေါ် ယုံကြည်စိတ်ကင်းမဲ့စွာဖြင့် ဝေဖန်လာသည်။

ပျောက်တာက ပုံမှန် တရက်ကို (၂)စီးရှိတယ်။ တချို့နေ့တွေမှာဆိုရင် (၃)စီးကနေ (၄)(၅)စီးလောက်အထိ ခိုးခံရတာတွေရှိတယ်။ အခုက အဲ့လိုဖြစ်တာက (၈)လကျော်ပြီဆိုတော့ အကြမ်းအားဖြင့် တွက်ကြည့်ရင် အစီးပေါင်း (၄၀၀) (၅၀၀)လောက်ရှိနေပြီ။ ဘာအချက်အလက်နဲ့ပြောလဲ ဆိုရင် ကျွန်တော်က တာချီလိတ်နဲ့ပတ်သက်ရင် လေ့လာစောင့်ကြည့်နေမိလို့ပါပဲ။ အရင်ကလည်းခိုးခံရပါတယ်။ ဒါပေမဲ့ အာဏာသိမ်းခံရတဲ့ (၈)လကျော် အတွင်း တော်တော်လေးဆိုးလာတယ်။ facebook ပေါ်မှာ တာချီလိတ်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာရော Group တွေမှာပါ နေ့တိုင်းပဲ ခိုးခံနေရတယ်ဆိုတာတွေ တွေ့နေခဲ့ရတာ။ မိတယ်ဆိုတာမကြားဘူး ခုမိတော့ (၁၈)စီးဆိုတော့ အရမ်းကို နည်းနေသေးတယ်ဗျ။  (၁၈)စီးဖမ်းပြပြီး ရပ်နားလို့တော့ မသင့်ဘူး။ တကယ်ဖော်ထုတ်ရင် အကုန်ပြန်ရနိုင်ပါတယ်။ ဖော်ထုတ်လိုစိတ်ပဲရှိတာပါ၊ ကျွန်တော်က ဝန်ထမ်းလုပ်ခဲ့ဖူးတော့ အကြောင်းသိနေပြီ။

ဟု တာချီလိတ်မြို့နေ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝန်ထမ်းဟောင်း တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၇)ရက်နေ့တွင် ပြောသည်။

ဆိုင်ကယ်သူခိုးများကို (၂၁)ဦး အထိ ဖမ်းမိသော်လည်း အမည်နှင့်တကွ မထုတ်ဖော်ခြင်းမှာ တရားခံလဲလိုခြင်း သို့မဟုတ် ဖုံးကွယ်လိုခြင်းလားဟုလည်း ဝေဖန်နေကြသည်။

ဒီရက်ပိုင်း ဆိုင်ကယ်သူခိုးတွေ (၂၁)ဦး မိတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ သူခိုးက ဘယ်သူတွေလည်း ဆိုတာတော့ ပုံလည်းမမြင်ရသလို နာမည်တွေလည်း မသိရဘူး။  ပိုင်ရှင်ကို ဆိုင်ကယ်ပြန်ပေးတဲ့ပုံတွေမှာတော့ စစ်ဗျူဟာမှူးရော၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရော၊ ရဲမှူးတွေပါ တွေ့ရတယ်။ အရင်တုန်းက လောင်းကစားဂိမ်းခုံဖမ်းတုန်းကဆိုရင် ပိုင်ရှင်ကအစ ဂိမ်းဆော့သူတွေပါ တွဲပြီး ပုံရိုက်ပြီး တရားခံတွေဆိုပြီးတော့ သတင်းထုတ်ပြန်တာတွေ့ရတယ် အခုကတော့ သူခိုးက ဘယ်သူလဲ ဆိုတာကအစ နာမည်တောင် မဖော်ပြထားဘူး။ အဲ့တော့ သူခိုးခေါင်းဆောင်တွေကို ငွေနဲ့ညှိနှိုင်းပြီး လွတ်ပေးမို့လား ဘယ်လိုလဲဆိုတာက မယုံကြည်စရာဖြစ်နေတယ်။ (၂၁)ဦးထဲမှာ ခေါင်းဆောင်တွေ ပါ မပါ ဆိုတာကို မသိနိုင်ဘူး။

ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။



နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်မကြာခဏ ပျောက်ဆုံးလေ့ရှိပြီး ရဲတပ်ဖွဲ့က ရံဖန်ရံခါ ဖမ်းမိလေ့ရှိသော်လည်း  စစ်တပ်မှအာဏာကို သိမ်းပြီးကာလများအတွင်း ဆိုင်ကယ်ခိုးမှုစိပ်လာပြီး ရဲကလည်း ဖမ်းဆီးခြင်း မရှိတော့ဘဲဖြစ်နေရာ ဒေသခံများက ရဲများကိုပါ သံသယဖြစ်လာကြသည်ကို တွေ့လာရခြင်းဖြစ်သည်။

တာချီလိတ်ရဲတပ်ဖွဲ့က အောက်တိုဘာလ (၂) ရက်နေ့မှစ၍ ဆိုင်ကယ်ခိုးမှုများကို စတင်ဖမ်းမိသည်ဟုဆိုပြီး (၃) ရက်အတွင်း ဆိုင်ကယ် (၁၈) စီးနှင့် ဆိုင်ကယ်ခိုးသူ (၂၁) ဦးကို ဖမ်းမိသည်ဟုဆိုပြီး  နောက် ဖမ်းဆီးရမိသည့် လိုင်စင်ရှိ ဆိုင်ကယ် (၆) စီးနှင့် လိုင်စင်မဲ့ ဆိုင်ကယ် (၁၂) စီး စုစုပေါင်း ဆိုင်ကယ် (၁၈) စီးကို မိမိဆိုင်ကယ်မှန်ကန်ကြောင်း အထောက်အထားပြနိုင်သူများအား ပြန်ပေးရာတွင် ရဲတပ်ဖွဲ့အပြင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်ဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး၊ တာချီလိတ်မြို့မစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်နှင့်ရဲတပ်ဖွဲ့တို့က ပေးအပ်သည်ဟု သိရသည်။

ယင်းကဲ့သို့ ဆိုင်ကယ်များပြန်ပေးရာတွင် ဆိုင်ကယ်များအား လိုင်စင်လုပ်ထားပါက ခိုးယူသူကို ထောင်ဒဏ်များများချနိုင်၍ လိုင်စင်လုပ်ကြရန် မြို့နယ်ရဲတပ်ဖွဲ့မှူးက တိုက်တွန်းပြီး ဆိုင်ကယ်ပျောက်ပါက ရဲစခန်းကို လာတိုင်ခြင်းမရှိကြ၍ ဆိုင်ကယ်ပျောက်ပါက လာတိုင်ကြရန် စခန်းမှူးက တိုက်တွန်းသည်ဟု သိရသည်။

ဆိုင်ကယ်ပျောက်ရင်လာတိုင်ပါ လာတိုင်ပါလို့တာ ပြောတာ။ သွားတိုင်တော့ အဆင်မပြေမှုက များတယ်။ နင်တို့ဆိုင်ကယ်က လိုင်စင်မပါဘူး အမှုပြန်ဖွင့်လို့တောင်ရတယ်လို့ ကျွန်မသူငယ်ချင်းကို ပြောတယ်။ ကျွန်မဆိုင်ကယ် ပျောက်တုန်းကလည်း သွားတိုင်တာပဲ လိုင်စင်မရှိရင် အမှုဖွင့်ပေးဖို့ ခက်တယ်။ နင်တို့ က ကိုယ့်ဆိုင်ကယ်ကိုတောင် သေချာမထားဘူးလားလို့ ငေါက်ခံရသေးတယ်။ အဲ့ဒါနဲ့ အမှုမဖွင့်ဖြစ်တော့ပဲ ပြန်လာခဲ့တယ်။ အဲ့လိုပဲ ဆိုင်ကယ်ပျောက်ရင် ရဲတိုင်ဖို့က ခက်တော့ မသွားကြတော့တာပေါ့

ဟု ဆိုင်ကယ်ခိုးခံရသည့် လူငယ် မိန်းကလေးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ယခင်က ဆိုင်ကယ်ခိုးမှုများ ရှိခဲ့သော်လည်း နိုင်ငံ့အာဏာသိမ်းခံရအပြီး (၈)လတာကာလအတွင်း ရဲတပ်ဖွဲ့ကလည်း ခိုးဆိုးလုယက်မှုများကို ဖမ်းဆီးထိန်းသိမ်းခြင်းမရှိတော့ဘဲ စစ်တပ်အား ဆန့်ကျင်သူများကိုသာ ဖမ်းဆီးမှုများလုပ်နေ၍  ဆိုင်ကယ်ခိုးမှုများမှာ အတင့်ရဲကာ နေ့စဉ် (၂)စီးမှ (၃)(၄)စီးအထိ ခိုးယူနေကြခြင်း ဖြစ်သည်။ 

ဖော်ထုတ်ရမိသည့် ဆိုင်ကယ်(၁၈)စီးအား ပိုင်ရှင်များအား ပြန်လည်ပေးနေသည့်အတွက် ဆိုင်ကယ်ပျောက်သူများအနေဖြင့် ရဲစခန်းသို့ လာရောက် ဆက်သွယ်ရန်လိုအပ်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးအုပ်စု နှင့် ရဲတပ်ဖွဲ့ ပေါင်းစားနေသည်ဟု ဒေသခံများ ပြောဆို