တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးအုပ်စု နှင့် ရဲတပ်ဖွဲ့ ပေါင်းစားနေသည်ဟု ဒေသခံများ ပြောဆို

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးအုပ်စု နှင့် ရဲတပ်ဖွဲ့ ပေါင်းစားနေသည်ဟု ဒေသခံများ ပြောဆို
အောက်တိုဘာ 2, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးခံရမှု နေ့စဉ် ဖြစ်ပွားနေရာတွင် ဆိုင်ကယ်ခိုးသည့် အဖွဲ့များနှင့် လက်ခံဝယ်ယူပေးနေသူများကို တာချီလိတ်ရဲတပ်ဖွဲ့က သိရှိသော်လည်း ဖမ်းဆီးတားမြစ်ခြင်းများ မပြုလုပ်၍ ဆိုင်ကယ်သူခိုးများနှင့်ရဲ ပေါင်းစားနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။ 

ကျွန်မ အသိဆိုင်ကယ် ခိုးခံရတုန်းက အသိ ဒန နဲ့ နယ်ထိန်းကို ပြောလိုက်တော့ သူတို့ကလည်း မောင်နိုင် ဆိုတဲ့ လူကို သွားညှိပြီး ပြောပေးတော့ ဆိုင်ကယ်ကို ပြန်လာပို့ပေးသွားတယ်။ အဲ့အတွက် ရဲကို ပြောပေးခအနေနဲ့တော့ ပေးလိုက်ရတာပေါ့။ အခုလို ဆိုင်ကယ် ခိုးတာတွေကို သိရက်သားနဲ့ အရေးမယူ၊ မတားမြစ်ဘဲ ပေါင်းစားသလို လုပ်နေတာက ဒါလား ပြည်သူ့အတွက်ရဲတပ်ဖွဲ့ဆိုတာ မေးစရာမေးခွန်းဖြစ်လာနေပြီ

ဟု အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးသည့် အဖွဲ့မှာ အများအားဖြင့် ပုန်းထွန်ရပ်ကွက်(ကျောက်တောင်) နှင့် ရန်အောင်မြေရပ်ကွက်တို့တွင် နေထိုင်ကြသည်ကို တာချီလိတ်ရဲတပ်ဖွဲ့က သိရှိသော်လည်း ၎င်းတို့၏ အသိမိတ်ဆွေများ ဆိုင်ကယ်ခိုးခံရပါက ဆိုင်ကယ်ခိုးသည့် အဖွဲ့များထံ ဆက်သွယ်ပြီး ဆိုင်ကယ်များ ပြန်ယူပေးလေ့ရှိပြီး ယင်းသို့ ယူဆောင်ပေးမှုအတွက် ပြောပေးသည့်ရဲကို ပိုင်ရှင်က ငွေကြေးပေးရသည်ဟုလည်း သိရသည်။



အခု တာချီလိတ်အနေအထားက ဘယ်လို ဖြစ်နေလဲ ဆိုတော့ ဆိုင်ကယ်ခိုးတဲ့လူတွေဟာ ဘယ်သူတွေလဲဆိုတာကို သူတို့ မသိတာ မဟုတ်ဘူး၊ သိတယ်။ ဆိုင်ကယ်ခိုးတဲ့သူကို မဖမ်းတော့ဘဲ ဆိုင်ကယ်ခိုးခံရကြောင်း လာပြောရင် သူတို့က ခိုးတဲ့အဖွဲ့ကို ဆက်သွယ်ပြီး ဆိုင်ကယ်ပြန်ယူပေးတယ်။ အဲ့လိုကလည်း ရဲနဲ့သိတဲ့လူမှနော်၊ ရဲနဲ့သိမှ ဆိုင်ကယ်ပြန်ရတာ။ အဲ့ဒါတော့ ပိုင်ရှင်ဘက်က ရဲကို ပိုက်ဆံပေးရတယ်၊ နောက်ပြီး ဆိုင်ကယ်ခိုးတဲ့အဖွဲ့က ဆိုင်ကယ်ကို ပုံပြောင်းပြီးတော့ ဝယ်လက်နဲ့ချိတ်ပြီး ဆိုင်ကယ်တွေကို နယ်တွေအထိ တင်ပို့ရောင်းချတာတွေလုပ်တယ်

ဟု ဆိုင်ကယ်ခိုးခံရသူ တစ်ဦးက ပြောသည်။

 

ဆိုင်ကယ်ခိုးခံရ၍ ရဲစခန်းသို့ သွားရောက်တိုင်တန်းသည့်အခါမှာလည်း အဆင်မပြေမှုများ များစွာရှိနေသလို ဂေါက်ငမ်းလွတ်သည်များလည်း ရှိကြောင်း သိရသည်။

ဆိုင်ကယ်ခိုးခံရလို့ အားကိုးရမလားဆိုပြီး ရဲစခန်းကို သွားတိုင်ပါတယ်။ မင်းတို့ ဆိုင်ကယ်က လိုင်စင်ပါလို့လား။ မပါရင် မင်းတို့ပါ အမှုဖွင့်လို့ရတယ် ဆိုပြီး စခန်းက ပြောလွတ်တာတွေရှိတယ်။

ဟု ဆိုင်ကယ်ခိုးခံရသူ တစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရသည့် ကာလအတွင်း ခိုးဆိုးလုယက်မှုများကို အရေးယူခြင်းမရှိတော့သည့် ရဲတပ်ဖွဲ့၏ ဖြစ်တည်နေမှုကို မြို့မိမြို့ဖတစ်ဦးက ယခုလို ရှုမြင်ထားသည်။

တာချီလိတ်ရဲ့ ဆိုင်ကယ်ခိုးတဲ့ကိစ္စက အရင်ကတော့ ညပိုင်းခိုးမှုတွေပဲပေါ့ တဖြေးဖြေးနဲ့အတင့်ရဲလာပြီး နေ့ပိုင်းတွေမှာ ခိုးတာတွေ။ ဓါးထောက်ပြီး လုယက်တာတွေပါ ဖြစ်လာနေပြီ၊ ဒါတွေကို မြို့နယ်ရဲမှူးတို့ စခန်းမှူးတို့၊ ခရိုင်မှူးတို့က သေချာမကိုင်တွယ်နိုင်ဘူး။ သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေလို့လားတော့မသိဘူး။ အရင်တုန်းကဆိုရင်တော့ ဗျူဟာမှူးကပါ ဒေသတွင်း မှုခင်းများလာရင် ခရိုင်/မြို့နယ်မှူးတို့ကို ခေါ်ယူပြီး နည်းနည်းလှုပ်ပေးတာတွေရှိတယ်။ ခုတော့ အာဏာသိမ်းကာလဆိုတော့ ဒါတွေကို အရေးမစိုက်တော့တာလား မသိဘူး။ အယ်ကယ်တို့ တာချီလိတ်မှာ အခုလောက်ထိ နေ့စဉ် ဆိုင်ကယ်ခိုးခံရတဲ့ ဖြစ်စဉ် ဆိုးဆိုးရွားရွားတွေ လွတ်ပေးထားတဲ့ ဖြစ်စဉ်တွေ မရှိခဲ့ဘူး၊ အခုက နေ့စဉ်လို ဖြစ်နေတာဆိုတော့ ဒေသခံအနေနဲ့ တွေ့နေ မြင်နေ ကြားနေရတာ စိတ်မကောင်းရုံကလွဲပြီး တခြားပြောဖို့မရှိဘူး

ဟု တာချီလိတ်မြို့နေ ရှေ့မီနောက်မီ မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂)ရက်နေ့တွင် ပြောသည်။

 

တာချီလိတ်မြို့တွင် နိုင်ငံအာဏာသိမ်းခံရပြီးနောက် တစ်နေ့တည်း အနည်းဆုံး ဆိုင်ကယ် (၂)စီးမှ(၃)စီးအထိ ခိုးခံရမှုများရှိနေပြီး မြို့ပေါ်(၁၁)ရပ်ကွက်အနက် ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ) နှင့် မယ်ခေါင်ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်တို့တွင် အများဆုံး ခိုးခံနေရရာမှ စက်တင်ဘာလ၏ နောက်ဆုံးပတ်က စ၍ မိုင်းကိုးကျေးရွာအုပ်စုအတွင်း၌လည်း ဆိုင်ကယ်များ ခိုးခံရမှုမှာ နေ့စဉ် နီးပါးဖြစ်ပွားနေသည်ဟု ဒေသခံများထံက သိရသည်။