တာချီလိတ်မြို့တွင် အမှိုက်သိမ်းခ မပေး၍ UBL ကုမ္ပဏီက အမှိုက် မသိမ်းပေးသည့် ပြဿနာကို ယခင်လို နေအိမ်အရောက် လစဉ်ကြေး ကောက်ခံစနစ်က အဆင်ပြေနိုင်ဟု ဒေသခံများ အကြံပြု

တာချီလိတ်မြို့တွင် အမှိုက်သိမ်းခ မပေး၍ UBL ကုမ္ပဏီက အမှိုက် မသိမ်းပေးသည့် ပြဿနာကို ယခင်လို နေအိမ်အရောက် လစဉ်ကြေး ကောက်ခံစနစ်က အဆင်ပြေနိုင်ဟု ဒေသခံများ အကြံပြု
အောက်တိုဘာ 5, 2021 | ရှမ်းရှေ့
By Tachileik News Agency

တာချီလိတ်မြို့တွင် ပုဂ္ဂလိက အမှိုက်သိမ်းကုမ္ပဏီဖြစ်သည့် UBL ကုမ္ပဏီက အမှိုက်သိမ်းခမပေးသူများ၏ အမှိုက်များကို မသိမ်းဆည်းပေးသည့်အပေါ် ဒေသခံများက ဝေဖန်နေကြသလို လစဉ် အမှိုက်သိမ်းခများကို အိမ်တိုင်ရာရောက် ကောက်ခံမှသာ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် အမှိုက်သိမ်းခများ ထပ်မံမတိုးမြှင့်တော့ဘဲ လျော့ပေါ့ပေးရန်လိုအပ်သည်ဟု အကြံပြုထားကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီအမှိုက်သိမ်းကုမ္ပဏီက ပြောင်းလဲမှုတွေ လုပ်လာတယ်။ အမှိုက်သိမ်းခမပေးရင် အမှိုက်မသိမ်းဘူးဆိုတာတွေ။ အရင်လို တစ်အိမ်တက်ဆင်း အမှိုက်ခမကောက်တော့ဘဲ ရုံးမှာ လာဆောင်ဆိုတာတွေလုပ်သလို အမှိုက်သိမ်းခလည်း အဆမတန်တိုးမြှင့်လိုက်တယ်။ အမှိုက်သိမ်းခတိုးမြှင့်တာနဲ့ ရုံးလာပေးဆိုတာက ပြဿနာတခုဖြစ်နေတယ်။ အမှိုက်သိမ်းခကို အရင်လို အိမ်မှာ လာကောက်ရင် လက်ထဲမရှိတောင် ဘေးအိမ်က ချေးငှားပေးတာတွေရှိကြတယ် အဲ့တော့ ပေးဆောင်မဲ့သူတွေအတွက်လည်း အဆင်ပြေတယ်။ ရုံးလာပေးဆိုတော့ ဆိုင်ကယ်မရှိသူတွေက ဆိုင်ကယ် Taxi နဲ့ သွားရတာ ဆိုင်ကယ်ခက ဘတ် (၄၀)(၅၀)လောက် ကုန်တော့ သွားမဆောင်ချင်ကြတော့ဘူးပေါ့။ အဲ့တော့ လူနည်းစုနဲ့ အများစုဆို အများစုအတွက် ဦးစားပေး စဉ်းစားပေးဖို့ လိုတာပေါ့၊ အဲ့ကုမ္ပဏီပိုင်ရှင်ကလည်း ဒေသခံပဲ မဟုတ်လား။ တခါတခါ facebook ပေါ်မှာ တွေ့ရတယ် UBL  က အလှူတွေလုပ်တယ်ဆိုပြီး လှူပေးတာကလည်း များသောအားဖြင့်က လုပ်ပိုင်ခွင့်ပေးထားတဲ့ စည်ပင်ကိုပဲ လှူတာတွေ့ရတယ်။ ဘာဖြစ်ဖြစ်ပါ အားလုံးကို အဆင်ပြေစေချင်တယ်

ဟု တာချီလိတ်မြို့ ပါလျှံတွင် နေထိုင်သူ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက  Tachileik News Agency သို့ အောက်တိုဘာလ(၅)ရက်နေ့တွင် ပြောသည်။

အမှိုက်သိမ်းခ မပေး၍ဟုဆိုကာ ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင်လည်း ပုန်းထွန်ရပ်ကွက်(၁)လမ်းအတွင်း၌ အမှိုက်များကိုလည်း မသိမ်းသွားကြောင်း သိရသည်။

ခါတိုင်းလို အိမ်မှာလာကောက်တယ်ဆိုရင် လူတိုင်းထည့်ပေးကြပါတယ်။ အိမ်မှာလာကောက်ရင် အဆင်ပြေတယ်။ ရုံးမှာ ပိုက်ဆံသွားမပေးလို့တဲ့ အမှိုက်မကောက်သွားဘူး။ အမှိုက်ခသွားပေးရတာက ဝေးတယ်။ Taxi ခကလည်း (၅၀)လောက်ပေးရတော့ အခုခေတ်က ဘာမှလည်းဝင်ငွေမရှိတော့ မသွားဆောင်နိုင်ကြတော့ဘူး။ အဲ့တော့ အမှိုက်ကို သူတို့ မသယ်သွားကြဘူး၊

ဟု ပုန်းထွန်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနက လုပ်ပိုင်ခွင့်ပေးထားသည့် အမှိုက်သိမ်းလုပ်ငန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနကလည်း ပြည်သူများအဆင်ပြေရေးအတွက် အများဘက်လိုက်ပြီး ညှိနှိုင်ဆောင်ရွက်ပေးခြင်းမရှိသလို အမှိုက်သိမ်းကုမ္ပဏီဘက်ကလည်း ပြည်သူများ ရှင်းလင်းလင်းလင်း သိနိုင်ရေးအတွက် ရှင်းလင်းခြင်းများမရှိ၍ ဝေဖန်မှုများ မကြာခဏ ထွက်ပေါ်နေသည်။

အမှိုက်သိမ်းခတွေကို ဆက်ပြီး မတိုးကောက်ခံဖို့နဲ့ အရင်လို နေအိမ်မှာပဲ တခါတည်းကောက်တဲ့စနစ်ပဲ လုပ်စေချင်တယ်။ ကုမ္ပဏီဘက်က ဘာအခက်အခဲဖြစ်လည်း ဘာအဆင်မပြေဖြစ်လဲ ကျွန်မတို့လည်း မသိရဘူး။ အမှိုက်ကို ရုံးမှာလာဆောင်၊ နောက်လာမှာ အမှိုက်ခံ တိုးကောက်မယ်ဆိုတာမျိုးပဲ သိရတယ်။ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောလားမသိဘူး။ ရုံးသွားဆောင်တဲ့အခါလည်း တိုးကောက်မယ်ပြောလို့ စကားများခဲ့ရသေးတယ်။ ကုမ္ပဏီဘက်က အခက်အခဲရှိရင် ချပြရှင်းလင်းသင့်တာပေါ့။ အခုတော့ ကျွန်မတို့ကပဲ လစဉ် တဖက်သတ်ခံနေရသလို ဖြစ်နေတယ်

ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်နေ အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် အမှိုက်သိမ်းခ မပေးတော့ဘဲ အမှိုက်များကို နီးစပ်ရာများတွင် စုပြုံပြီး စွန့်ပစ်မှုများရှိနေသည်။ 

 

ဆက်စပ်သတင်း