တာချီလိတ်မြို့ အာခါဈေးမီးပွိုင့် အနီးရှိ ဓါတ်တိုင်တွင် အင်တာနက်လိုင်းကြိုးများ မီးလောင်၍ အာခါဈေးတစ်ဝိုက် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားရ

တာချီလိတ်မြို့ အာခါဈေးမီးပွိုင့် အနီးရှိ ဓါတ်တိုင်တွင် အင်တာနက်လိုင်းကြိုးများ မီးလောင်၍ အာခါဈေးတစ်ဝိုက် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားရ
ဒီဇင်ဘာ 17, 2019
By Tachileik News Agency
တာချီလိတ်မြို့ အာခါဈေးမီးပွိုင့် အနီးရှိ ဓါတ်တိုင်တွင် အင်တာနက်လိုင်းကြိုးများ မီးလောင်၍ အာခါဈေးတစ်ဝိုက် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အာခါဈေးမီးပွိုင့် အနီးရှိ လမ်းမီးတိုင်များ၌ သွယ်တန်းထားသည့် အင်တာနက်လိုင်းကြိုးများ မီးလောင်ကျွမ်းမှု ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က  မီးလောင်မှုဖြစ်ပွား၍ အာခါဈေးတစ်ဝိုက် လျှပ်စစ်မီးခေတ္တဖြတ်တောက်ထားပြီး ပြုပြင်နေရကြောင်း သိရသည်။

“မနက်က (၇)နာရီလောက်မှာ  မီးလောင်တယ်လို့ ကျွန်တော်တို့ မီးလင်းရေးကို အကြောင်းကြားတယ်။ အဲဒီမှာ ကျွန်တော်တို့ သွားလိုက်တော့ မီးသတ်ကား နှစ်စီးရောက်ပြီ။ ကျွန်တော်တို့ရောက်တော့ ကြည့်လိုက်တော့ ကျွန်တော်တို့ မီးကြိုးက လောင်တာမဟုတ်ဘူး။ အင်တာနက်စွဲထားတဲ့ ဖိုင်ဘာလိုင်းတွေက လောင်တာ။ ကျွန်တော်တို့ မီတာပုံးရှိတယ်။ မီတာ လေးလုံးပုံးတစ်ပုံးရှိတယ်။ နှစ်လုံးပုံးတစ်ပုံးရှိတယ်။ ကျွန်တော်တို့ ကြိုးကနေ စလောင်တာ မတွေ့ဘူး။ လောင်တယ်ဆိုရင် မီတာကနေ စလောင်ရမှာပေါ့။ အဲဒါမလောင်ဘူး။ သူတို့ အင်တာနက်ကြိုးကလောင်ပြီးတော့မှ  ကျွန်တော်တို့ မီးကြိုးဘက်ကိုလောင်တာ။ ကျွန်တော်တို့ဘက်မှာ ကြိုးလည်း ပြတ်တာမရှိဘူး။ လောင်တာက နှစ်နေရာတောင်လောင်တယ်။ အာခါဈေးရှေ့ကနေလောင်တာကနေ နေဝန်းနီဆီပန့်ရှေ့က အင်တာနက်ကြိုးတွေအထိ ကူးသွားတယ်။ အဲဒီတိုင်မှာ အင်တာနက်ဖိုင်ဘာကြိုးက (၁၂)ခုတောင် ဆွဲထားတာ တွေ့တယ်”ဟု မြို့မီးလင်းရေးရုံး(၂)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးမျိုးမြင့်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာခါဈေးရှေ့မီးပွိုင့်ရှိ လျှပ်စစ်မီးတိုင်တွင် မီးလောင်မှုဖြစ်ပွား၍ ငြှိမ်းသတ်နေစဉ် နေဝန်းနီဆီပန့်ရှေ့ရှိ လျှပ်စစ် မီးတိုင်ဘက်သို့ မီးကူးသွားသော်လည်း မီးသတ်တပ်ဖွဲ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူများ စုပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုအတွင်း ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

“မနက်က မီးလောင်သတင်းရတာနဲ့ မီးသတ်ကား (၂)စီးထွက်ပါတယ်။ ငြှိမ်းတာကတော့ လျှပ်စစ်မီးဖြစ်နေတော့ ဘေးက မီးသတ်ဆေးဗူးတွေ အများဆုံးသုံးရတယ်။ မီးလောင်တဲ့ အကြောင်းရင်းကတော့ လျှပ်စစ်နဲ့ ဆက်သွယ်ရေးကို မေးမှရမယ်ဗျ”ဟု မီးသတ်ဦးစီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးက စိုက်ထူထားသည့် လျှပ်စစ်မီးတိုင်များတွင် အင်တာနက်ကုမ္ပဏီများက အင်တာနက်လိုင်းကြိုးများသွယ်တန်းထားရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု မီးလင်းရေးမှ မီးလိုင်းစစ်ဆေးသူက ပြောကြားသည်။

“မီးလောင်မှုဖြစ်တာက မီးလင်းရေး အပိုင်း (၂)ဘက်မှာ။ ကျွန်တော်တို့ ကော်မတီကနေ ပြင်ပဆက်ဆံရေး တာဝန်ရှိသူကို လွှတ်ထားပါတယ်။ အခုသိရသလောက်ကတော့ မီးတိုင်တွေမှာ သွယ်တန်းထားတဲ့ အင်တာနက် လိုင်းကြိုးတွေနဲ့ ပွတ်တိုက်ပြီး မီးလောင်တာ ဖြစ်နိုင်ချေရှိတယ်လို့ သိရတယ်။ ဒီကိစ္စက ကျွန်တော်တို့ လတ်တလောဖြေရှင်းရမှာက ဆက်သွယ်ရေးရယ်၊ အင်တာနက်ကုမ္ပဏီရယ်တွေနဲ့တွေ့ပြီး စည်းကမ်းသတ်မှတ်ချက်တွေ ပြန်လုပ်ဖို့ လုပ်ရမှာပါ။ ကျွန်တော်တို့ ကော်မတီကလည်း တာဝန်ယူတာ (၆)လအတွင်းမှာ ဦးစားပေးလုပ်နေတာက လျှပ်စစ်ဘေးအန္တရာယ် ကင်းရှင်းရေးပါ။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ အမြန်ဆုံးဖြေရှင်းမှာပါ”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အာခါဈေးတစ်ဝိုက်၌ လျှပ်စစ်မီးများ ဖြတ်တောက်ထားကာ လျှပ်စစ်မီးကြိုးများနှင့် မီးတိုင်တွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများ ပြန်လည်ပြင်ဆင်ရမည်ဖြစ်၍ ယာယီမီးဖြတ်တောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - စိုင်းခမ်းပူး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~