နိုင်ငံတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများထံ အကူအညီရောက်ရန် ခက်ခဲနေဟု UNOCHA ထုတ်ပြန်

WFP အစီအစဉ်ဖြင့် လှိုင်သာယာတွင် မေ ၁၃ ရက်က စားနပ်ရိက္ခာဖြန့်ဝေပေးနေစဉ်
WFP အစီအစဉ်ဖြင့် လှိုင်သာယာတွင် မေ ၁၃ ရက်က စားနပ်ရိက္ခာဖြန့်ဝေပေးနေစဉ်
နိုင်ငံတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများထံ အကူအညီရောက်ရန် ခက်ခဲနေဟု UNOCHA ထုတ်ပြန်
By Tachileik News Agency

နိုင်ငံတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများထံ လူသားချင်းစာနာမှုအကူအညီနှင့် အကာအကွယ်ပေးရေးအစီအစဉ်များ ရောက်ရှိရန် ခက်ခဲနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

WFP နှင့် မိတ်ဖက်အဖွဲ့များအနေဖြင့် ထိခိုက်လွယ်သည့်မိသားစုများထံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းကို နည်းလမ်းမျိုးစုံဖြင့် တားဆီးမှုများရှိနေသည့်ကြားမှ  အကူအညီများပေးနိုင်ရန် ကြိုးစားနေရသည့်အပြင် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်အတွက် တောင်းဆိုထားသည့် ငွေကြေးပမာဏ၏ ၁၅ ရာခိုင်နှုန်းကိုသာ ရရှိထားသေးသည်ဟုလည်း သိရသည်။

ယခင်က အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား တိုက်ပွဲများကြောင့် ပြည်နယ်ဒေသများတွင် စစ်ဘေးရှောင်ရသူများရှိနေရာမှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် တစ်နိုင်ငံလုံး ဒေသအနှံ့အပြားတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများရှိလာပြီး ယင်းကဲ့သို့ တိမ်းရှောင်ရသူများထံ လူသားချင်းစာနာမှုအကူအညီများပို့ဆောင်ရေးတွင်လည်း အတားအဆီးအကန့်အသတ်များစွာနှင့် ကြုံနေကြရခြင်းဖြစ်သည်။

UN OCHA Myanmar က ရရှိထားသည့် စာရင်းများအရ စက်တင်ဘာလ (၄) ရက်နေ့မှ (၁၃) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ လူဦးရေစုစုပေါင်း ခန့်မှန်းခြေ (၆၃,၀၀၀)နှင့် မ‌ကွေးတိုင်း‌ဒေသကြီးတွင် (၁၂,၀၀၀) ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာအခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အလားတူ  ချင်းပြည်နယ်အတွင်း အာဏာသိမ်းတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် စက်တင်ဘာလ (၁၃) ရက်နေ့အထိ  လူဦးရေ (၁၂,၀၀၀) ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ကယားနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ဖေဖေါ်ဝါရီလနောက်ပိုင်း တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေများကြောင့်  ခန့်မှန်းခြေလူဦးရေ (၁၄၂,၀၀၀) ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြရခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်အစပိုင်းကတည်းက စုစုပေါင်း လူဦးရေ (၃၄,၀၀၀) ခန့် တိုက်ပွဲရှောင်နေခဲ့ကြရသည့်အနက် (၁၃,၃၈၀) ခန့်မှာ ယာယီစခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။