KNU နယ်မြေတွင်း ဝင်ရန်ကြိးစားနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များ၏စစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်

KNU နယ်မြေတွင်း ဝင်ရန်ကြိးစားနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များ၏စစ်ကြောင်းများ ပူးပေါင်းတိုက်ခိုက်
By Tachileik News Agency

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေကားလမ်းပေါ်ရှိ KNU တပ်မဟာ ၆ နယ်မြေဘက်ကို ဝင်ရောက်ရန် ရက်ပေါင်းများစွာ ကြိုးပမ်းနေသည့်  စစ်ကောင်စီတပ်ဖွဲ့များကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Dawn Company  (ရောင်နီတပ်ခွဲ)ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေပြီး (၁၂)ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်ဘက်က (၂၀)ကျော် သေဆုံးသည်ဟု သိရသည်။

စစ်ကောင်စီတပ်များသည် စက်တင်ဘာလ (၁၆) ရက်နေ့မှစတင်ကာ ယနေ့ (၂၇) ရက်နေ့အထိ KNU တပ်မဟာ ၆ နယ်မြေဖြစ်သည့် မြဝတီ - ဝေါ်လေလမ်းပေါ်ရှိ တောင်နီးကျေးရွာ၊ သေ့ဘော့ဘိုးကျေးရွာ၊ မြွေနှစ်ကောင်ဘုရားကုန်း၊ မြွေသုံးကောင်ဘုရား၊ သဲဖြူချောင်းဂိတ်တို့ ကို ကျူးကျော်ရန်ကြိုးစားလာသဖြင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ (၄၄)လက်အောက်ခံ နည်းဗျူဟာ(၄၄၃)ကွပ်ကဲမှု၏ ခမရ (၁၀၄)၊ နဗဟ (၁) ကွပ်ကဲမှု၏ ခမရ (၁)၊ ခမရ (၂)၊ ခမရ (၈)၊  နဗဟ (၃) ကွပ်ကဲမှု၏ ခမရ (၃)၊ ခမရ(၉)တပ်ရင်းတို့က တောင်နီးကျေးရွာအနီးရှိ တောင်ကုန်းကို ကျူးကျော်ရန် (၁၂) ရက်အတွင်း (၆) ကြိမ်ကြိုးစားခဲ့ပြီး သဲဖြူချောင်း ဂိတ်အနီးမှ တစ်ကြိမ်၊ မြွေသုံးကောင်ဘုရားအနီးမှ နှစ်ကြိမ်၊ သေ့ဘောဘိုးရွာအနီးမှ နှစ်ကြိမ်၊ မြေနှစ်ကောင်ဘုရားအနီးမှ နှစ်ကြိမ် ကျူးကျော်ရန်ကြိုးစားခဲ့ကြပြီး ၎င်းတို့တပ်ဖွဲ့ဝင်များမှာ နေ့စဉ် (၂)ဦးနှင့်အထက် သေဆုံးသည်ဟု သိရသည်။

ယင်းကဲ့သို့တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်များက (၁၂၀) မမ လက်နက်ကြီးများဖြင့်  နေ့စဉ်အလုံးရေအများအပြား ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။