၂၀၂၀ ရွေးကောက်ပွဲတွင် NLD မှ အနိုင်ရ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးယာကုပ်အား စရဖ က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

၂၀၂၀ ရွေးကောက်ပွဲတွင် NLD မှ အနိုင်ရ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးယာကုပ်အား စရဖ က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်
စက်တင်ဘာ 23, 2021 | ရှမ်းရှေ့

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွက် အာခါတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့်  NLD ပါတီမှ ဦးယာကုပ်အား စရဖ(စရတ)က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အာခါတိုင်းရင်းသားဝန်ကြီးအဖြစ် ရွေးချယ်ခံရသည့် ဦးယာကုတ်အား CRPH၊ NUG၊ PDF တို့နှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တာချီလိတ်)မှ တပ်ကြပ် နန်းဝင်းဌေးက တရားလိုပြုလုပ်ကာ ဟောင်လိတ်နယ်မြေရဲစခန်းတွင်  (ပ)၁၁၂/၂၀၂၁အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီက လွဲ၍ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များထဲက အဖမ်းခံရသေးဘဲ လွတ်မြောက်နေသည့် အနိုင်ရ ကိုယ်စားလှယ်များကို အာဏာသိမ်းစစ်တပ်အား မထောက်ခံပါက CRPH နှင့် NUG နှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ စွတ်စွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်  အမှုဖွင့်မှုများ လုပ်ဆောင်နေလျက်ရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီး ဖမ်းဆီးရန် ရှာဖွေခံထားရသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ တာချီလိတ်မြို့မှ ဦးစိုင်းဆိုင်တွီ၊ ဦးယာကုပ်၊ မိုင်းယောင်းမြို့မှ ဦးစိုင်းရှဲန်တစ်လုံ၊ ကျိုင်းတုံမြို့မှ ဒေါက်တာဝဏ္ဏစိုး အပြင်  "ဝ"အမျိုးသားပါတီ(WNP)မှ မိုင်းတုံမြို့တွင်  ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)တို့ ဖြစ်ကြသည်။

#TachileikNewsAgency

 

ဆက်စပ်သတင်း

ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဟောင်း နှင့် တာချီလိတ်မှ အမတ်တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စရဖ က အမှုဖွင့်

"ဝ"အမျိုးသားပါတီ၏ မိုင်းတုံ မဲဆန္ဒနယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား စရဖက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ကျိုင်းတုံမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD မှ ဒေါက်တာ ဝဏ္ဏစိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်