ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဟောင်း နှင့် တာချီလိတ်မှ အမတ်တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စရဖ က အမှုဖွင့်

ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဟောင်း နှင့် တာချီလိတ်မှ အမတ်တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စရဖ က အမှုဖွင့်
စက်တင်ဘာ 22, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း တာချီလိတ် နှင့် မိုင်းယောင်းတို့မှ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ အနိုင်ရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးဟောင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၂)ဦးအား CRPH,  NUG တို့နှင့် ပါဝင်ပတ်သက်သည်ဟုဆိုကာ စရဖ(စရတ)က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရသူ (၂)ဦးမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံ နှင့် တာချီလိတ်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်တွီတို့ ဖြစ်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးဟောင်း ဦးစိုင်းရှဲန်တစ်လုံသည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မိုင်းယောင်းမြို့နယ်မှနေ၍ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်ပြီး ၎င်းအား CRPH နှင့် NUG နှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ အမှတ်(၁)တပ်ခွဲ၊ အမှတ်(၄)တပ်ဖွဲ့စု၊ အမှတ်(၂)တပ်စိတ် စရတ(မိုင်းယု)မှ တပ်ကြပ်ကြီး ဟိန်းမင်းသူက တရားလိုပြုလုပ်ပြီး မိုင်းယုနယ်မြေရဲစခန်းတွင် (ပ)၅/၂၀၂၁ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးစိုင်းဆိုင်တွီကိုလည်း CRPH နှင့် NUG နှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်၏ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(တာချီလိတ်)မှ တပ်ကြပ် နန်းဝင်းဌေးက တရားလိုပြုလုပ်ကာ တာချီလိတ်မြို့ရဲစခန်းတွင်  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ လွဲ၍ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များသည် အာဏာသိမ်းစစ်တပ်ကို မထောက်ခံပါက CRPH နှင့် NUG နှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရတ)က အမှုဖွင့်မှုများ လုပ်ဆောင်နေလျက်ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြမ်းဖက်နဲ့ဖွင့်တာ။ အနိုင်ရဆိုပေမဲ့ ကြံ့ဖွံ့က လူတွေတော့ မပါဘူးပေါ့ဗျာ။   စကစ လက်အောက်ကို မဝင်လို့ အခုလို အမှုဖွင့်တာလို့ ပြောလို့ရမှာပေါ့။ အကြမ်းဖက်တွေကို စရဖ လို့ ခေါ်တဲ့ စရတတွေက တရားလို လုပ်ရတာပေါ့။ သူတို့က အမှုလာဖွင့်တော့လည်း လက်ခံပြီး ဖွင့်ပေးရတာပါပဲ

ဟု အမည်မဖော်လိုသူ အရာရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရတ)က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းတုံမြို့တွင်လည်း  "ဝ"အမျိုးသားပါတီ(WNP)အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)ကိုလည်း  မိုင်းတုံမြို့မရဲစခန်းတွင်  (ပ)၂၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

#TachileikNewsAgency

 

ဆက်စပ်သတင်း

"ဝ"အမျိုးသားပါတီ၏ မိုင်းတုံ မဲဆန္ဒနယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား စရဖက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်