"ဝ"အမျိုးသားပါတီ၏ မိုင်းတုံ မဲဆန္ဒနယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား စရဖက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

"ဝ"အမျိုးသားပါတီ၏ မိုင်းတုံ မဲဆန္ဒနယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား စရဖက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
စက်တင်ဘာ 20, 2021 | ရှမ်းရှေ့

၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းတုံမြို့နယ်၏ မဲဆန္ဒနယ်အမှတ် (၂)တွင်  "ဝ"အမျိုးသားပါတီ(WNP)မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)အား အာဏာသိမ်းစစ်တပ်၏ စရဖ(စရတ)က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)အား  မိုင်းတုံတပ်ဆွယ် စရတစု(၃)၏ တပ်စိတ်(၂)မှ တပ်စိတ်မှူး တပ်ကြပ်ကြီး ဆွေနိုင်ထွန်းက တရားလိုပြုလုပ်ပြီး မိုင်းတုံမြို့မ ရဲစခန်းတွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့၌ (ပ)၂၂/၂၀၂၁၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့် လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက တစ်ဖက်သတ် အကြမ်းဖက်အဖြစ် သတ်မှတ်ထားသည့် NUG၊ CRPH အပါအဝင် CRPH မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်သည်ဟုဆိုကာ အမှုဖွင့်ခြင်း ဖြစ်သည်ဟု မိုင်းတုံမြို့နယ်မှ တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်များထံက သိရသည်။



မိုင်းတုံမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်နေရာတွင် ပြည်ခိုင်ဖြိုးပါတီမှ  ဦးမျိုးညွန့်၊ ပြည်နယ်လွှတ်တော်(၁)တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစောမူးလာ နှင့်  ပြည်နယ်လွှတ်တော်(၂)တွင်  "ဝ"အမျိုးသားပါတီမှ  ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)တို့က အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး အနိုင်ရသူ (၃)ဦးအနက် "ဝ"အမျိုးသားပါတီမှ ကိုယ်စားလှယ်သာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်သည်။