အာဏာသိမ်းစစ်အုပ်စုက Covid-19 အတွက် (၆)လတာ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၅၆)ဘီလီယံ နှင့် အထူးရန်ပုံငွေ ကျပ် (၁၀၀)ဘီလီယံ လျာထားကာ သုံးစွဲသွားမည်ဟုဆို

အာဏာသိမ်းစစ်အုပ်စုက Covid-19 အတွက် (၆)လတာ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၅၆)ဘီလီယံ နှင့် အထူးရန်ပုံငွေ ကျပ် (၁၀၀)ဘီလီယံ လျာထားကာ သုံးစွဲသွားမည်ဟုဆို
စက်တင်ဘာ 23, 2021 | Covid-19

အာဏာသိမ်းပြီးနောက် Covid-19 အတွက် ငွေကြေးအများအပြား အသုံးပြုခဲ့သည့် အာဏာသိမ်းစစ်အုပ်စုက  (၆)လတာ ဘဏ္ဍာရေးနှစ်အတွက်လည်း Covid-19 အတွက် ကျပ်(၅၆)ဘီလီယံ နှင့် အထူးရန်ပုံငွေ ကျပ် (၁၀၀)ဘီလီယံ လျာထားကာ သုံးစွဲသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

"Covid-19 ကာကွယ်ဆေးရန်ပုံငွေများကို လိုအပ်သလို ထပ်မံဖြည့်တွင်းပေးနိုင်ရန်နှင့် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်သလို Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသုံးစရိတ်လိုအပ်ချက်များအတွက် (၆)လတာ ဘဏ္ဍာရေးနှစ်အတွင်း အရေးပေါ်ရန် ပုံငွေ ကျပ်(၅၆)ဘီလီယံအပြင် Covid-19 ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေ တစ်ရပ်အတွက်လည်း ကျပ်ဘီလီယံ(၁၀၀)လျထားပြီး သုံးစွဲသွားနိုင်ရန် စီစဉ်ထားသည်"ဟု အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံ့အာဏာအား စစ်တပ်မှ သိမ်းလိုက်ပြီးနောက်   Covid-19 ကာကွယ်ဆေးနှင့်အခြားဆေးပစ္စည်းများ အတွက် အမေရိကန်ဒေါ်လာ (၁၆၉)သန်းသုံးစွဲထားသလို၊ ဆေးရုံ၊ ဆေးခန်းပြုပြင်ခြင်း၊ ကိုဗစ်စင်တာများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ငွေကျပ် (၅၆၆)ဘီလီယံကိုလည်း သုံးစွဲခဲ့သည့်အပြင် အထွေထွေကိစ္စများအတွက်ပါ အမေရိကန်ဒေါ်လာ (၅)သိန်း သုံးစွဲထားပြီးနောက် ယခု အခါမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ  ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)အထိ Mini Budget  (၆) လတာကာလအတွင်း သုံးစွဲရန်အတွက် စီစဉ်ထားခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် Covid-19 ကုသရေးအတွက် ငွေကြေးများစွာ အသုံးပြုခဲ့သော်လည်း တကယ့် မြေပြင်အခြေအနေတွင် Covid-19 ပိုးကူးစက်ခံထားရသူများကို လုံလောက်စွာ ကုသပေးနိုင်ခြင်း မရှိသလို Quarantine Center များတွင်လည်း ပြည့်စုံစွာ မထားပေးနိုင်သည့်အတွက် နိုင်ငံအတွင်း အချို့ဒေသများတွင် နေအိမ်များတွင်သာ မိမိအစီအစဉ်ဖြင့် နေထိုင် ကုသမှုများရှိနေပြီး အများအားဖြင့် ဒေသခံ အလှူရှင်များဖြင့်သာ စောင့်ကြည့် ကုသမှုများ လုပ်ဆောင်နေရသည်များ ရှိနေခဲ့သည်။

 

ဆက်စပ်သတင်း

Covid-19 ကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်(၅၆၆)ဘီလီယံ နှင့် အမေရိကန်ဒေါ်လာ (၁၆၉)သန်းကျော် သုံးစွဲထားသလို ထပ်မံ သုံးစွဲရန်အတွက် ဘဏ္ဍာငွေများ ပြင်ဆင်ထားဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော