တာချီလိတ်မြို့တွင် Stay at Home ပယ်ဖျက်လိုက်ပြီဖြစ်၍ မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်ကို ပြန်လည် ရုတ်သိမ်း

တာချီလိတ်မြို့တွင် Stay at Home ပယ်ဖျက်လိုက်ပြီဖြစ်၍ မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်ကို ပြန်လည် ရုတ်သိမ်း
ဒီဇင်ဘာ 13, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့အား Stay at Home အဖြစ် ပယ်ဖျက်လိုက်ပြီဖြစ်သည့်အတွက် မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်ကိုလည်း ဒီဇင်ဘာလ(၁၄)ရက်နေ့က စပြီး ရုတ်သိမ်းမည်ဖြစ်၍ ခရီးသွားပြည်သူများ နှင့် ကုန်တင်ယာဉ်များ Covid-19 စစ်ဆေးမှု ခံယူရန် မလိုတော့ကြောင်း သိရသည်။

"မိုင်းပျဉ်းဘက်မှာတော့ ယာဉ်မောင်းတွေ စစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ပိတ်လိုက်ပါပြီ"ဟု  စေတနာ့ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ပထမ နှင့် ဒုတိယလှိုင်းအတွင်း မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်ကို ထားရှိထားပြီး တာချီလိတ်မြို့သို့ ဝင်ရောက်မည့် ခရီးသွားများနှင့် ကုန်တင်ယာဉ်များကို စစ်ဆေးပေးနေရာ အာဏာသိမ်းလိုက်သည့် ကာလအတွင်း ပြန်လည်ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

 Covid-19 ကူးစက်မှုနှင့် သေဆုံးမှု မြင့်တက်လာသည့် တတိယလှိုင်းတွင် တာချီလိတ်မြို့အား   Stay at Home အဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ကစတင်ကာ သတ်မှတ်ထားပြီးနောက် အဆိုပါ ဂိတ်ကို ပြန်လည် ဖွင့်လှစ်ထားရှိသော်လည်း ယခုအခါမှာ ဒီဇင်ဘာလ(၁၁)ရက်နေ့ကစပြီး Stay at Home ပယ်ဖျက်လိုက်ပြီဖြစ်၍ မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်ကိုလည်း ပြန်လည် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင် အဓိက အားဖြင့် တာချီလိတ်မြို့မှ လူမှုရေး အဖွဲ့အစည်းများက ဒေသအုပ်ချုပ်ရေးပိုင်း၏ ကွပ်ကဲမှုအောက်တွင် နေ့ရောညပါ တာဝန်ယူ စောင့်ကြပ်ကာ ကူညီလုပ်ဆောင်ပေးနေကြခြင်း ဖြစ်သည်။

 

#TachileikNewsAgency