ရှမ်းပြည်နယ်သို့ ပြည်ပ အပါအဝင် ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးထဲက (၇)မြို့နယ်မှ ကား/လေယာဉ်များဖြင့် လာသူများ Facility Quarantine (၂၁) ရက် နေထိုင်ရမည်

ရှမ်းပြည်နယ်သို့ ပြည်ပ အပါအဝင် ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးထဲက (၇)မြို့နယ်မှ ကား/လေယာဉ်များဖြင့် လာသူများ Facility Quarantine (၂၁) ရက် နေထိုင်ရမည်
စက်တင်ဘာ 4, 2020
By Tachileik News Agency
 
ရှမ်းပြည်နယ်သို့ ပြည်ပ အပါအဝင်  ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးထဲက (၇)မြို့နယ်မှ ကား/လေယာဉ်များဖြင့် လာသူများ Facility Quarantine (၂၁) ရက် နေထိုင်ရမည်
ရှမ်းပြည်နယ်တွင်းသို့ ပြည်ပမှလာသူများအပြင် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ Stay at Home သတ်မှတ်ထားသည့် (၇) မြို့နယ်မှ လာရောက်သူများ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့မှစ၍ Facility Quarantine (၂၁) ရက်နှင့် Home Quarantine (၇) ရက်နေထိုင်ကြရမည်ဖြစ်သည်။
COVID 19 ပြည်တွင်းကူးစက်မှုများလာသဖြင့် ပြည်နယ်တွင်းရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စက်တင်ဘာလ (၄)ရက်နေ့၌  တင်ပြဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်တွင်း ကူးစက်မှုများလာတဲ့အတွက် ကျွန်တော်တို့  ထိထိရောက်ရောက် ကာကွယ်ဖို့လိုတယ်။ ဒါကြောင့် အသွားအလာကန့်သတ်ထားတဲ့နေရာတွေဖြစ်တဲ့ ရခိုင်နဲ့ ရန်ကုန်(၇)မြို့နယ်က လာတဲ့သူတွေ ကျွန်တော်တို့ဆီမှာ community base quarantine (၂၁) ရက်နဲ့ home quarantine (၇) ရက်နေရမယ်”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ဖြစ်သူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်တွင်းသို့ ပြည်ပမှ ပြန်လာသူများ၊ Stay at Home ကြေညာထားသည့်  ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ လှိုင်၊ ပုဇွန်တောင်၊ သာကေတ နှင့် မင်္ဂလာဒုံမြို့နယ်များမှ လာသူများအား Facility Quarantine ထားရမည်ဖြစ်၍ မြို့နယ်တိုင်းတွင် အနည်းဆုံး Facility Quarantine Center (၁)ခုစီ ထားရှိရန်နှင့် လိုအပ်ပါက  တိုးချဲ့ဖွင့်နိုင်ရေးစီစဉ်ထားရန်ကိုလည်း ညွှန်ကြားထားကြောင်း သိရသည်။
“မြို့နယ်တိုင်းမှာ Quarantine Center တစ်ခုစီ ပြင်ဆင်ထားရမယ်။ လိုအပ်ရင် ကျောင်းတွေမှာ Quarantine Center ဖွင့်မယ်။ အဲဒီလိုဖွင့်ရမယ်ဆိုရင်လည်း မူလတန်းကျောင်းတွေကို ဦးစားပေးရွေးဖို့ စီစဉ်ထားတယ်။ အကယ်၍ အထက်တန်းတွေ၊ အလယ်တန်းတွေ ကျောင်းဖွင့်ရင်လည်း အဆင်သင့်ဖြစ်အောင် အလယ်တန်း၊ အထက်တန်းတွေကို တတ်နိုင်သမျှ ရှောင်ပေါ့နော်။  Quarantine Center တွေမှာလည်း လိုအပ်တဲ့ပစ္စည်းတွေ ဖြည့်ဆည်းထားဖို့၊ လိုအပ်ရင် ကျွန်တော်တို့ ပြည်နယ်အစိုးရကို တင်ပြတောင်းခံဖို့ပါ”ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင်း မြို့နယ်အားလုံးတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့မှစ၍ Stay at Home ကြေညာထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ လှိုင်၊ ပုဇွန်တောင်၊ သာကေတ နှင့် မင်္ဂလာဒုံမြို့နယ်များအား စက်တင်ဘာလ (၂)ရက်နေ့မှစ၍ Stay at Home ကြေညာထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့မှစ၍  ပြည်တွင်းကူးစက်မှုကို တွေ့လာရပြီးနောက်  ပြည်တွင်းကူးစက်မှုအများအပြား တွေ့လာရပြီး စက်တင်ဘာလ (၄)ရက်နေ့ နံနက်အထိ အတည်ပြုလူနာပေါင်း (၁၁၃၃)ဦးအထိ တိုးလာပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~