မိုင်းဆတ်မြို့တွင် လေယာဉ်အတူစီးလာသူများထဲက နောက်ထပ်(၂)ဦးတွင် Covid-19 ပိုးတွေ့

မိုင်းဆတ်မြို့တွင် လေယာဉ်အတူစီးလာသူများထဲက နောက်ထပ်(၂)ဦးတွင် Covid-19 ပိုးတွေ့
ဖေဖော်ဝါရီ 10, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာသူများထဲက (၃)ဦးတွင် Covid-19 တွေ့ရှိနောက် ယနေ့တွင် (၂)ဦး ထပ်မံ စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၉)ရက်နေ့က ရန်ကုန်မှ မိုင်းဆတ်သို့ မြန်မာအမျိုးသားလေကြောင်း ခရီးစဉ်ဖြင့် ရောက်ရှိလာသူများထဲက Covid-19 ကာကွယ်ဆေး (၂)ကြိမ်းထိုးပြီးသည့် (၃)ဦးအား Covid-19 စစ်ဆေးရာ ပိုးတွေ့သည့် အတွက် လေယာဉ်အတူ စီးလာသူများကို မိုင်းဆတ်ကျန်းမာရေးက ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စစ်ဆေးပေးနေရာ  လေယာဉ်အတူစီးလာသူထဲက (၂)ဦးတွင် Covid-19 ထပ်မံတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ထပ်တွေ့ရသည့် လေယာဉ်စီးခရီးသည် (၂)ဦးမှာ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။

Covid-19 ပိုးတွေ့သူများသည် အိုမီခရွန်ဟု ယူဆထားကြသော်လည်း တိတိကျကျ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း နှင့် ကျန်ရှိသည့် လေယာဉ်အတူစီးလာသူများအနေဖြင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံး လာရောက်ပြီး Covid-19 စစ်ဆေးမှု ခံယူရန်၊ ဒေသတွင်းနေ ပြည်သူများ မဖြစ်မနေ Mask တပ်ကြရန်လည်း အသိပေးနှိုးဆော်ထားသည်ဟု ကျန်းမာရေးထံက အသိပေးထားသည်။

 

မိုင်းဆတ်မြို့တွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေ(၄)နာရီအချိန်အထိ Covid-19 ပိုးတွေ့ရှိရသူ စုစုပေါင်း (၁၈၉၄)ဦးရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၁၈၈၂)ဦးရှိနေကာ သေဆုံးသူမှာ (၁၂)ဦးရှိပြီး လက်ရှိတွင် ပိုးတွေ့ထားသူ (၁၂)ဦး ရှိနေကြောင်း သိရသည်။