တာချီလိတ်မြို့ရှိ စစ်အုပ်စုပိုင် ဂေါက်ကွင်းအတွင်း လူရိုက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားရာမှ လုခံရသူ သေဆုံး

တာချီလိတ်မြို့ရှိ စစ်အုပ်စုပိုင် ဂေါက်ကွင်းအတွင်း လူရိုက်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားရာမှ လုခံရသူ သေဆုံး
ဖေဖော်ဝါရီ 8, 2022 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အာဏာသိမ်း စစ်အာဏာအုပ်စုပိုင် ဂေါက်ကွင်းတွင် ဆိုင်ကယ်လုယူရင်း ရိုက်ခံရရာမှ လူသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်မြို့ ဂေါက်ကွင်းအတွင်း ကျင်းအမှတ်(၂)အနီးတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့ နေ့လည်(၁၂)နာရီကျော်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

သူက ဂေါက်ကွင်းရဲ့ ထွန်စက်တွေ မောင်းတယ်။ မြက်ဖြတ်စက်တွေလည်း မောင်းတယ်။ မြက်စိုက်တဲ့ ဝန်ထမ်းပါ။ ဆိုင်ကယ်တော့ မပါသွားဘူး။ လူတွေလာလို့ ပြေးသွားတာ မဖမ်းမိဘူး။ အရိုက်ခံရတဲ့ လူကတော့ ဆေးရုံမှာပဲ ဆုံးသွားတယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

သေဆုံးသွားသူမှာ အသက်(၅၀)ဝန်းကျင်ရှိ ဦးဌေးလွင် ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းသည် ထမင်းစားနားပြန်သည့် အချိန်တွင် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်းအား အာဏာသိမ်းစစ်တပ်စုက ထိုင်းလုပ်ငန်းရှင်ထံမှ ငှားရမ်းသက်တမ်းမစေ့ဘဲ ပြန်လည်သိမ်းယူလိုက်ပြီးနောက် စစ်တပ်က တာဝန်ယူလိုက်ပြီး (၁)ပတ်အတွင်း၌ ယခုလို ဂေါက်ကွင်းအတွင်း လူရိုက် ဆိုင်ကယ်လူယူမှုကနေ လူသေဆုံးမှုအထိ ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ တပ်နှင့်ရဲတို့သည် စစ်အာဏာရှင်ကို ဆန့်ကျင်သူများကိုသာ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်း၊ ငွေညစ်ခြင်းများကိုသာ အဓိကထားပြုလုပ်နေသည့်အတွက် ခိုးမှုမှတည် လုယက်မှု နှင့် ဓါးပြတိုက်မှုများအထိ ဖြစ်ပွားနေလျက်ရှိသည်ကို တွေ့ရသည်။