စလင်းမြို့နယ်အတွင်း ဆိုင်ကယ်၊ စက်ဘီးစီး အမျိုးသမီးများထံမှ ပစ္စည်း လုယက်နေသည့် အမျိုးသား (၃)ဦးအဖွဲ့ကို ဖမ်းမိ

စလင်းမြို့နယ်အတွင်း ဆိုင်ကယ်၊ စက်ဘီးစီး အမျိုးသမီးများထံမှ ပစ္စည်း လုယက်နေသည့် အမျိုးသား (၃)ဦးအဖွဲ့ကို ဖမ်းမိ
ဒီဇင်ဘာ 9, 2020
By Tachileik News Agency
စလင်းမြို့နယ်အတွင်း ဆိုင်ကယ်၊ စက်ဘီးစီး အမျိုးသမီးများထံမှ ပစ္စည်း လုယက်နေသည့် အမျိုးသား (၃)ဦးအဖွဲ့ကို ဖမ်းမိ
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း ဆင်ဖြူကျွန်း - စလင်းကားလမ်းမ၌ ဆိုင်ကယ်၊ စက်ဘီးစီး အမျိုးသမီးများထံမှ လုယက်မှု ကျူးလွန်နေသူများအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ(၈)ရက်နေ့တွင် လုယက်ခံရသည့် ဖုန်းမှတစ်ဆင့် အသွင်ယူဆက်သွယ်၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ (၅) ရက်နေ့က အမျိုးသမီးတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ် နောက်ကြည့်မှန်၌ ချိတ်ဆွဲထားသည့် လက်ဆွဲအိတ်အား ဆိုင်ကယ်ဖြင့် နောက်မှ ဖြုတ်ယူလုယက်ထွက်ပြေးသွားကြောင်း ဒီဇင်ဘာ (၈) ရက်နေ့တွင် တိုင်တန်းလာခြင်းဖြစ်သည်။
ယခင်ရက်များကလည်း အဆိုပါလမ်းကြောင်းတွင်လုယက်မှုဖြစ်စဉ်များရှိခဲ့၍  ရဲတပ်ဖွဲ့ဝင်များက တရားခံများ ဖမ်းဆီးရမိနိုင်ရေးအတွက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် မသင်္ကာသူများအား စောင့်ကြည့်ဆောင်ရွက်နေခြင်းဖြစ်ပြီး လုယက်ခံရသည့် ဖုန်းမှတစ်ဆင့် ရဲတပ်ဖွဲ့က အသွင်ယူဆက်သွယ်ရာမှ လုယက်သွားသူများအား ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အသွင်ယူဆက်သွယ်စဉ်အတွင်း လုယက်သူများက ပါလာသည့်စာရွက်စာတမ်းများအား လိုချင်ပါက ငွေလွှဲပေးရန်ပြောသဖြင့် ရဲတပ်ဖွဲ့မှ ငွေလွှဲပေးခဲ့ပြီး ဆင်ဖြူကျွန်းမြို့ပေါ်ရှိ Wave Money ထုတ်ယူနိုင်သည့် ဆိုင်များတွင် အသင့်နေရာယူ စောင့်ဆိုင်းဖမ်းဆီးခဲ့ကြရာ အများပြည်သူကလည်း ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
လုယက်မှုကျူးလွန်သည့် အမျိုးသား (၃)ဦးလုံးကို ဖမ်းမိပြီး ၎င်းတို့အဖွဲ့သည် ၂၀၂၀ခုနှစ် နိုဝင်ဘာလပိုင်းက ဆင်ဖြူကျွန်း - စလင်း ကားလမ်း သာစည်ဘုန်းကြီးကျောင်းအနီး အမျိုးသမီးတစ်ဦးစီးလာသည့် ဆိုင်ကယ်နောက်ကြည့်မှန်၌ ချိတ်ထားသည့် လက်ကိုင်အိတ်တစ်လုံးအားလည်းကောင်း၊  မြင်းခေါင်း ကျေးရွာအနီး အမျိုးသမီးတစ်ဦး စီးလာသည့် ဆိုင်ကယ်နောက်ကြည့်မှန်တွင် ချိတ်ထားသည့် လက်ဆွဲအိတ်တစ်လုံးအား လည်းကောင်း၊ ကြည်တော်စု ကျေးရွာနှင့် သာစည်ကျေးရွာကြားတွင် အမျိုးသမီးတစ်ဦးစီးလာသည့် ဆိုင်ကယ်နောက် ကြည့်မှန်၌ ချိတ်ထားသည့် လက်ဆွဲအိတ်တစ်လုံးအားလည်းကောင်း၊ နိုဝင်ဘာလ(၂၅) ရက်နေ့တွင် ဆင်ဖြူကျွန်း - စလင်း ကားလမ်း စည်ပင်ရုံးရှေ့အနီး အမျိုးသမီးတစ်ဦး စီးလာသည့် စက်ဘီးလက်ကိုင်၌ ချိတ်ထားသည့် လက်ဆွဲခြင်း တစ်လုံးအားလည်းကောင်း လုယက်မှု ကျူးလွန်ခဲ့ကြောင်း ကွင်းဆက် စစ်ဆေး ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။
“ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင် ဒုစရိုက်သမားတွေဟာ ပြန်လည်ခုခံဖို့ အားနည်းတဲ့ အမျိုးသမီးတွေကို သားကောင်အဖြစ်သတ်မှတ်ပြီး ပြစ်မှုကျူးလွန်လျက်ရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် တန်ဖိုးရှိ ပစ္စည်းထည့်ထားတဲ့အိတ်တွေကို အလွယ်တကူ ဆွဲယူလုယက်နိုင်တဲ့ နေရာတွေမှာ ချိတ်ဆွဲ၊ သယ် ဆောင်တာမျိုး  မပြုလုပ်သင့်ဘူးလို့ အကြံပြုချင်ပါတယ်”  တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က သုံးသပ် ပြောကြားသည်။
လုယက်မှုများ ကျူးလွန်ခဲ့ကြသော ဆန်းမင်းထွန်း၊ ခန့်ဇော်အောင်နှင့် နေမျိုးအောင်တို့အား ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်ကိုခံယူ၍ ဆင်ဖြူကျွန်း - စလင်းသွား ကားလမ်းတစ်လျောက်နှင့် အခြား ပြစ် မှုကျူးလွန်နိုင်ဖွယ်ရှိသည့် နေရာများတွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများ ဖြင့် နယ်မြေလုံခြုံရေး စိုးမိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-တိုင်းရဲတပ်ဖွဲ့

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~