အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်စေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် တိုက်တွန်း

Photo:  Susan Walsh
Photo: Susan Walsh
အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်စေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် တိုက်တွန်း
စက်တင်ဘာ 15, 2021 | နိုင်ငံတကာသတင်း

အာဆီယံအနေဖြင့် အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ရန် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က တိုက်တွန်းပြောဆိုထားကြောင်း ရိုက်တာသတင်းတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့က ဖေါ်ပြထားသည်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် အာဆီယံစီးပွားရေးဝန်ကြီးများ၏ အွန်လိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၃) ရက်နေ့က ပြုလုပ်ရာတွင် မြန်မာအာဏာသိမ်းအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးလည်း တက်ရောက်သည်ကို တွေ့ရပြီး အဆိုပါအစည်းအဝေးတွင် တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ မြန်မာနိုင်ငံ၏အခြေအနေမှာ ကဏ္ဍပေါင်းစုံတွင် ဖရိုဖရဲဖြင့် ဆုတ်ယုတ်နေပြီး အာဏာသိမ်းမှုကို ဆန့်ကျင်၍ အာဏာသိမ်းအဖွဲ့က သတ်ဖြတ်မှုခံရသူ (၁၀၀၀)ကျော်ရှိနေပြီဖြစ်၍ အာဆီယံအပါအဝင် အနောက်နိုင်ငံများက မြန်မာနိုင်ငံတွင် ပဋိပက္ခများရပ်တန့်ရေးအတွက် တောင်းဆိုနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခများအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်နိုင်ရန် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဧရာဝဏ်ယူဆွတ်ဖ်ကို အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့သည့်လအတွင်းက သဘောတူရွေးချယ်ခဲ့သော်လည်း  မြန်မာပြည်တွင်းခရီးစဉ်ကို စတင်နိုင်ခြင်းမရှိသေးဘဲဖြစ်နေခြင်းဖြစ်သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်တွင်းခရီးစဉ်တွင် တွေ့ဆုံလိုသူများနှင့်ပတ်သက်၍ မြန်မာအာဏာသိမ်းအဖွဲ့ကို ညှိနှိုင်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မြန်မာအာဏာသိမ်းအဖွဲ့သည် ပါဝင်သင့်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးလုပ်ရန် အကြံပြုချက်ကိုလည်း လိုလားခြင်းမရှိသည်ကို တွေ့ရ၍ မြန်မာစစ်တပ်သည် ပြည်သူ့အကျိုးအတွက် ငြိမ်းချမ်းစွာဖြေရှင်းသည့်နည်းကို လိုလားဟန်မရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener က ကောက်ချက်ချပြောဆိုထားသည်။

#TachileikNewsAgency

Ref: Reuter