တပ်ဖွဲ့ဝင်အများအပြား သေဆုံးသည့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြစ်တင်ခံနေရသည့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စစ်သားများ ဖုန်းသုံး၍ဟု ပြန်လည်ပြစ်တင်

Photo: Reuter
Photo: Reuter
တပ်ဖွဲ့ဝင်အများအပြား သေဆုံးသည့် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြစ်တင်ခံနေရသည့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စစ်သားများ ဖုန်းသုံး၍ဟု ပြန်လည်ပြစ်တင်
By Tachileik News Agency

ယူကရိန်းကို ကျူးကျော်စစ်အတွင်း တပ်ဖွဲ့ဝင်အများဆုံး သေဆုံးသည့် တိုက်ခိုက်ခံရမှုဖြစ်သည့် နှစ်သစ်ကူးညက ဒုံးဖြင့်တိုက်ခိုက်ခံရမှုကြောင့် ပြစ်တင်ခံနေရသည့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါဖြစ်ရပ်မှာ ရုရှားစစ်သားများ မိုဘိုင်းဖုန်းသုံး၍ဖြစ်သည်ဟု ပြန်လည်ပြစ်တင်လိုက်သည်။

တပ်ဖွဲ့ဝင် (၈၉)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရုရှားက ထုတ်ပြန်သည့် ယူကရိန်းအရှေ့ပိုင်း Makiivka မြို့ရှိ အသက်မွေးပညာကောလိပ်ရှိ ရုရှားယာယီစစ်တန်းလျားတစ်ခု တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရုရှား အမျိုးသားရေးဝါဒီများနှင့် လွှတ်တော်အမတ်အချို့က  တပ်မှူးများအား အရေးယူရန် တောင်းဆိုထားကြခြင်းဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရုရှားစစ်သားများ ယာယီစခန်းချနေထိုင်ကြသည့်စစ်တန်းလျားကို အမေရိကန်လုပ် HIMARS ဒုံးကျည်ပစ်စင်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် (၆) စင်းအနက် (၂)စင်းကိုသာ ပစ်ချနိုင်ခဲ့ပြီး (၄)စင်းမှာ စစ်တန်းလျားကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယူကရိန်းကမူ အဆိုပါတိုက်ခိုက်မှုအတွင်း ရုရှားစစ်သား (၄၀၀)ထက်မနည်း သေဆုံးပြီး (၃၀၀)ဝန်းကျင် ဒဏ်ရာရသည်ဟု ဖေါ်ပြထားသည်။

အဆိုပါအဖြစ်အပျက်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း တပ်ဖွဲ့ဝင်အများအပြား မိုဘိုင်းဖုန်းများသုံးခြင်းကြောင့်ဖြစ်သည်မှာ ငြင်း၍မရဟုလည်း ဆိုထားသည်။

Ref: Reuters, BBC, Politico