တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့က ပြည်သူပိုင်လမ်းကို  ည(၈)နာရီအထိ တိုးဖွင့်

ပုံအညွန်း - တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး
ပုံအညွန်း - တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး
တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့က ပြည်သူပိုင်လမ်းကို  ည(၈)နာရီအထိ တိုးဖွင့်
စက်တင်ဘာ 11, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ပြည်သူပိုင်လမ်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၏ လမ်းပိုင်းအား ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့တွင် ည(၈)နာရီအထိ အချိန်တိုးကာ ဖွင့်လှစ်ပေးလာကြောင်း သိရသည်။

ခါတိုင်းကတော့ ည(၆)နာရီဆိုရင် အဲ့လမ်းက ပိတ်ပြီ၊ အခုက ည(၈)နာရီအထိ ဖွင့်ပေးတာကိုတွေ့ရတယ်။ နောက်ပိုင်းရော (၈)နာရီအထိ ဖွင့်ပေးမလား ဘယ်လိုလဲတော့ မပြောတတ်ဘူး၊ ဒီနေ့တော့ည(၈)နာရီအထိ ဖွင့်ပေးတယ်။ ခရိုင်ရဲရုံး တစ်ခုတည်းကွက်ပြီး လုံခြုံရေးလုပ်နေတော့ဘာထူးမလဲဗျာ။ ဖွင့်ရင်လည်း အမြဲဖွင့်ပေးထားသင့်ပါတယ်။ ကွေ့ပတ်သွားနေရတာ အဆင်မပြေဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူးလည်း အသစ်ပြောင်းလာတယ်လို့ ကြားတယ်

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ပြည်သူများ၏ လုံခြုံရေးထက် ရဲတပ်ဖွဲ့လုံခြုံရေးအဖြစ် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် သဲအိတ်များဖြင့် ကာရံထားရာမှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံဇကာများဖြင့် ကာရံလိုက်သလို၊ ယာဉ်ထိန်းရဲနှင့် မြို့မရဲစခန်းတို့ကိုလည်း အထူးကာရံ စောင့်ကြည့်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ည(၉)နာရီဝန်းကျင်အချိန်က စစ်သားများကို ကားနှစ်စီးဖြင့် အပြည့်တင်ဆောင်ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ပတ်သွားလာနေကြောင်းလည်း သိရသည်။