ကျောက်မဲဆေးရုံမှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအနက် တာချီလိတ်ရှိ (၅၅) ဦး၏ သီးခြားနေထိုင်မှုကို ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ ကြီးကြပ်စောင့်ကြည့်ထား

ကျောက်မဲဆေးရုံမှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအနက် တာချီလိတ်ရှိ (၅၅) ဦး၏ သီးခြားနေထိုင်မှုကို ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ ကြီးကြပ်စောင့်ကြည့်ထား
ဧပြီ 2, 2020
By Tachileik News Agency
ကျောက်မဲဆေးရုံမှ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအနက် တာချီလိတ်ရှိ (၅၅) ဦး၏ သီးခြားနေထိုင်မှုကို ရပ်/ကျေးအုပ်ချုပ်ရေးမှုးများ ကြီးကြပ်စောင့်ကြည့်ထား

ကျောက်မဲပြည်သူ့ဆေးရုံမှ အတည်ပြုလူနာ  တာချီလိတ်မြို့တွင် နေထိုင်ခဲ့စဉ် (၂)ရက်အတွင်း ထိတွေ့မှုရှိခဲ့သူများဟု စာရင်းရထားသည့် (၅၅)ဦး၌ ဗိုင်းရပ်စ်ကူးစက်ခံထားရပါက ချက်ချင်းသိနိုင်ရန်နှင့် အခြားသူများသို့ ကူးစက်ခံရခြင်း မရှိစေရန် နေအိမ်တွင် (၁၄)ရက်ကြာ သီးသန့်နေထိုင်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ ညနေက စတင်လုပ်ဆောင်နေပြီဖြစ်သည်။

Quarantine လုပ်ရမယ့်သူတွေ လုပ်နေပါပြီ။ ဒီမနက်တောင် ရဲတပ်ဖွဲ့က ရိပ်သာလာပို့နေလို့ မဟုတ်ဘူး။ အိမ်မှာပဲ လုပ်ရမယ်ဆိုပြီး ပြန်ပို့ရတယ်။ လေဆိပ်ကလူတွေလည်း Quarantine လုပ်နေပြီလို့ ကျွန်တော့်ဆီ သတင်းပို့ပါတယ်။ လေယာဉ်အတူစီးသွားတဲ့ တာချီလိတ်ကအဖွဲ့က မိုးကုတ်မှာရောက်နေတော့ မိုးကုတ်မှာပဲ Quarantine လုပ်နေပါပြီ။ ကမ္ဘောဇလေကြောင်းလိုင်းကရော၊ လေဆိပ်ကရော သူတို့ဝန်ထမ်းတွေ Quarantine လုပ်နေပြီဖြစ်တဲ့အကြောင်း သတင်းပို့ထားပါပြီ။ သက်ဆိုင်ရာရပ်ကျေးတွေ ကြီးကြပ်ဖို့လည်း စာထုတ်ထားပါပြီ

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့ညက ဓါတ်ခွဲအဖြေရခဲ့ပြီး တာချီလိတ်မှ မန္တလေးအထိ သွားလာရာ လမ်းကြောင်းတစ်လျှောက် ထိတွေ့နိုင်ချေရှိသည့် လူဦးရေစာရင်း ကောက်ယူရာ မတ်လ (၃၁)ရက်နေ့ရသည့်  စာရင်းအရ စုစုပေါင်း (၁၆၈)ဦး တွေ့ရသည့်အနက် တာချီလိတ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတည်ပြုလူနာ တည်းခိုသွားလာခဲ့သည့်နေရာများမှ ထိတွေ့ခဲ့သူ (၅၅)ဦးကို စာရင်းရရှိထားခြင်းဖြစ်သည်။

Quarantine လုပ်တာက ကျွန်တော့်ရပ်ကွက်ထဲမှာ အိမ်(၂)အိမ်၊ ဆိုင်(၁)ဆိုင်၊ ဟိုတယ် (၁)လုံး လုပ်ထားတယ်။ အဲဒီမှာ ဟိုတယ် တည်းသူ (၈)ယောက်၊ ဝန်ထမ်း (၈)ယောက်၊ ဟိုတယ်ပိုင်ရှင် မိသားစု (၅)ယောက်ရှိတယ်။ ဟိုတယ်ဝန်ထမ်းကိုတော့ ဟိုတယ်က ကျွေးတယ်။ ဧည့်သည်တွေကိုတော့ မိုးကုတ်ရိပ်သာ Quarantine မှာ ကျွေးတဲ့သူတွေက ဒီဘက်ပါ ပေးကြတယ်။ ဘာမပူရဘူးလဲဆိုတော့ ဆံပင်ညှပ်ဆိုင်က ဆန်ရောင်းတာ၊ ကျန်တဲ့ နှစ်အိမ်ကလည်း ထမင်းဆိုင်ဆိုတော့ စားရေးသောက်ရေးတွေက မပူရဘူး။ သူတို့ကိုတော့ ရပ်ကွက် အိမ်နီးချင်းတွေကိုပဲ ကြည့်ခိုင်းထားတယ်။ သူတို့ Quarantine မလုပ်ဖူးဆိုရင် အိမ်နားလူတွေက ကျွန်တော်တို့ဆီ ဆက်သွယ်ပေးကြဖို့ ပြောထားတယ်

ဟု အတည်ပြုလူနာ တည်းခိုရာဟိုတယ်နှင့် သွားလာခဲ့သည့် ထမင်းဆိုင်(၂)ဆိုင်၊ ဆံပင်ညှပ်ဆိုင်ရှိရာ ဝမ်ကောင်းရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာနေရာများတွင် (၁၄)ရက် သီးခြားခွဲ၍ နေထိုင်နေစေပြီး  ကျန်းမာရေးအခြေအနေ ထူးခြားမှုရှိပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ကြရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ကျွန်တော်တို့ကကျတော့ အပိုင် ဆရာမတွေက သွားသွားကြည့်တယ်။ မကြည့်နိုင်ရင် ဖုန်းဆက်တယ်။ နေ့တိုင်းတော့ သွားမကြည့်နိုင်ဘူးပေါ့ဗျာ။ ရန်ကုန်မှာတောင်မှ ဖုန်းဆက်တာလုပ်ရတယ်။ ကျွန်တော်တို့လည်း အဲဒီ ပုံစံ လုပ်လိုက်တယ်။ ကိုယ်တိုင်သွားကြည့်နိုင်ရင်ကြည့်တယ်။ သက်ကြီးရွယ်အိုတွေပါရင် သွားကြည့်တယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောသည်။

COVID 19 အတည်ပြုလူနာသည် မတ်လ (၂၅) ရက်နေ့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် တာချီလိတ်မြို့သို့ ရောက်လာပြီး နှစ်ရက်တာနေထိုင်ပြီးနောက် မတ်လ (၂၇)ရက်နေ့တွင် လေကြောင်းဖြင့် မန္တလေးမှတစ်ဆင့် ကျောက်မဲသို့ ပြန်ရောက်သွားချိန်တွင် COVID 19 ကူးစက်ခံထားရကြောင်း ဓါတ်ခွဲစစ်ဆေး တွေ့ရှိထားခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာသွားလာရာလမ်းကြောင်းတလျှောက် ထိတွေ့ခဲ့သူများအားလုံး ရောက်ရှိရာ ဒေသအသီးသီးတွင် (၁၄)ရက် သီးခြားနေထိုင်ပြီး ကျန်းမာရေးစောင့်ကြည့်မှု လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက် 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~