တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း နေအိမ်တစ်အိမ်တွင် ဓါးပြတိုက်ခံရ

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း နေအိမ်တစ်အိမ်တွင် ဓါးပြတိုက်ခံရ

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဘိုးဘွားရိပ်သာအနီးရှိ နေအိမ်တစ်အိမ်တွင် ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်အစောပိုင်းက ဓါးပြတိုက်ခံရကြောင်း သိရသည်။

အိမ်အစောင့်ရှိတယ်၊ သေနတ်တွေပါတဲ့ လူ(၂)ဦးကနေ (၃)ဦးလောက်ရှိမယ် ဆိုင်ကယ်တစ်စီး နဲ့ ဖုန်းတွေယူသွားတယ်၊ မီးခံသေတ္တာကို ဖွင့်ခိုင်းတာ ဖွင့်လို့မရလို့ မပါသွားဘူးတော့ပြောတယ်။ ဘာတွေ ပါသွားတယ်ဆိုတော့ အဲ့လောက်ပဲ သိရတယ်

ဟု တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

ဝမ်ကောင်းရပ်ကွက်အတွင်း ဘိုးဘွားရိပ်သာအနီးရှိ နေအိမ်တစ်အိမ်တွင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က ဓါးပြတိုက်ခံရခြင်းဖြစ်ပြီး၊ လာရောက်သူများမှာ အမျိုးသားများဖြစ်သလို မြန်မာစကားပြောသူများ ဖြစ်ပြီး သေနတ်များလည်းကိုင်ဆောင်ထားကြောင်း နှင့်  ၎င်းတို့သည် MXS အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် ဖုန်း(၃)လုံး ယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် မဖွင့်ကိုတော့ မသိရသေးပါ။

တာချီလိတ်ရဲ့ အုပ်ချုပ်ရေးပိုင်းက အရင်လိုမဟုတ်တော့ဘူး စစ်တပ်က ထိန်းချုပ်ထားသလိုဆိုတော့ ရဲတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကိုသာ ဖမ်းဆီးဖို့နဲ့ စစ်တပ်က ခိုင်းတာလောက်ပဲ လုပ်တော့တာ။ အမှုဖွင့်ဖို့ သွားရင်တောင် ဆဲလွတ်တာလည်းရှိတယ် သူတို့တွေက အခုနောက်ပိုင်း တာချီလိတ်မှာ ဖြစ်နေတဲ့ ခိုးမှုတွေ၊ ဖောက်ထွင်းမှုတွေကို မျက်ကွယ်ပြုထားကြတယ်။ ကျွန်မတို့အနေနဲ့တော့ ဘယ်နေ့ ဘာဖြစ်မလဲဆိုတာကို မသိအောင်ဖြစ်နေတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်မြို့၏ လက်ရှိအခြေအနေကို ပြောပြသည်။

တာချီလိတ်မြို့တွင် နေ့စဉ် ဆိုင်ကယ်ခိုးခံရမှုများ ဖြစ်ပွားနေရာ စက်တင်ဘာလ(၁၂)ရက်နေ့ တစ်နေ့တည်းတွင် ဆိုင်ကယ်(၄)စီးခိုးခံရသလို ဖောက်ထွင်းမှုများနှင့် လုယက်မှုများပါ ဖြစ်ပွားနေသော်လည်း ရဲစခန်းက ကူညီဆောင်ရွက်ပေးခြင်းမရှိ၍ မတိုင်ကြားတော့ဘဲ နေကြသည်ဟု သိရသည်။

#TachileikNewsAgency