တာချီလိတ်မြို့တွင်   G Bank ၏ (၁၃)ခုမြောက်ဘဏ်ခွဲသစ် ဖွင့်လှစ်

တာချီလိတ်မြို့တွင်   G Bank ၏ (၁၃)ခုမြောက်ဘဏ်ခွဲသစ် ဖွင့်လှစ်
ဇန်နဝါရီ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဘဏ်လုပ်ငန်းဆောင်ရွက်သည့် (၉)ခုမြောက်ဘဏ်အဖြစ် ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် G Bank က ၎င်း၏ (၁၃) ခုမြောက် ဘဏ်ခွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး စာရင်းသေအပ်ငွေအပေါ် အထူးအတိုးနှုန်းပေးခြင်းဖြင့် ပရိုမိုးရှင်းဆောင်ရွက်လာသည်ကို တွေ့ရသည်။



ကိုဗစ်ကာလဖြစ်တော့ ဖွင့်ပွဲကို အခမ်းအနားနဲ့တော့ မလုပ်ပါဘူး။ ဒါပေမဲ့ ဘဏ်ဖွင့်တဲ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်ဘဏ်ခွဲစဖွင့်တဲ့နေ့ကနေ တစ်လတိတိ စာရင်းသေအပ်ငွေတွေအပေါ် အထူးအတိုးနှုန်းပေးတဲ့အစီအစဉ်တော့ လုပ်နေပါတယ်

ဟု တာချီလိတ်ဘဏ်ခွဲ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်သီင်္ဂီစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



နိုင်ငံတော်အစိုးရ၏ Covid-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19 Vaccination fund) အတွက် မြန်မာ့စီးပွါးရေးဘဏ်၊ နေပြည်တော်၏ မြန်မာကျပ်ငွေစာရင်း အမှတ် OA 013733 သို့ G Bank မှ လွှဲပို့လှူဒါန်းလိုသူများကိုလည်း ဘဏ်ဝန်ဆောင်ခနှင့် ငွေလွှဲခ အခမဲ့ဖြင့် ဝန်ဆောင်မှုပေးကြောင်း သိရသည်။



G Bank (glory farmer development bank) ၏ တာချီလိတ်ဘဏ်ခွဲကို တာချီလိတ်မြို့ပေါ် တာလော့ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် G Bank အပါအဝင် မြန်မာ့စီးပွားရေးဘဏ်၊ KBZ Bank၊ CB Bank၊ AGD Bank၊ AYA Bank၊ မြဝတီဘဏ်၊ အင်းဝဘဏ်နှင့် Myanmar Citizens Bank (၉)ခုက ဘဏ်ခွဲပေါင်း (၁၂)ခုကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။



G Bank ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ ဟုမ္မလင်း၊ ရွှေဘို၊ တောင်ကြီး၊ မြဝတီနှင့် တာချီလိတ်တို့တွင် ဘဏ်ခွဲများဖွင့်လှစ်ထားခြင်းဖြစ်သည်။



Tachileik News Agency

ဓါတ်ပုံ - ကျော်ဇင်ဟိန်း