တာချီလိတ်မြို့ရှိ လောင်းကစား ဂိမ်းခုံများတွင် လစဉ် ရဲကြေး အပြင် စစ်ဗျူဟာမှူး နှင့် စရဖ တို့အတွက်ဆိုပြီး လစဉ် သီးခြား တောင်းခံမှုများ ရှိနေ

တာချီလိတ်မြို့ရှိ လောင်းကစား ဂိမ်းခုံများတွင် လစဉ် ရဲကြေး အပြင် စစ်ဗျူဟာမှူး နှင့် စရဖ တို့အတွက်ဆိုပြီး လစဉ် သီးခြား တောင်းခံမှုများ ရှိနေ
ဇူလိုင် 22, 2023 | ရှမ်းရှေ့

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြို့ပေါ်ရပ်ကွက်အားလုံးနှင့် ကျေးရွာအုပ်စုအချို့၌ ဖွင့်လှစ်ထားသည့် လောင်းကစားဂိမ်းခုံများတွင် စစ်ဗျူဟာမှူးအတွက် နှင့် စရဖတို့အတွက်ဟုဆိုကာ လစဉ် ငွေကြေးများ သီးခြား တောင်းယူနေ၍ ဂိမ်းခုံအချို့က ပုံမှန် ပေးနေရကြောင်း သိရသည်။

"ဂိမ်းခုံဖွင့်ပြီဆိုတာနဲ့ ရဲကြေး သက်ဆိုင်ရာ ဌာနကြေးတွေကို ပေးနေရပါတယ်။ ဂိမ်းခုံအရေအတွက်ပေါ် မူတည်ပြီး တစ်လကို တစ်ဆိုင်တည်း ဘတ်(၅၀,၀၀၀)အထက် ပေးနေရတယ်။ အဲ့ဒီထဲမှာ စစ်ဗျူဟာမှူးအတွက်ဆိုပြီး စစ်ဗျူဟာတပ်က စစ်သားတစ်ယောက်  တစ်လကို ဂိမ်းခုံ တစ်ခုံနှုန်းတွက်ပြီး ဘတ်(၁၀,၀၀၀)သတ်မှတ်ပြီးတော့ လစဉ် လာကောက်တယ်။ ဗျူဟာမှူးအတွက် ပြောပြီး အဲ့ငွေက ဗျူဟာမှူးဆီ ရောက် မရောက်တော့ မသိဘူး။ သူ အဲ့လို ကောက်နေတာ (၆)လလောက်ရှိပြီ။ တာချီလိတ်က ဂိမ်းခုံ အားလုံးနီးပါးကနေ တစ်လကို ဘတ်(၁၀)သိန်းကျော် ရနေတယ်။"ဟု အမည်မဖော်လိုသည့် ဂိမ်းခုံပိုင်ရှင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက် နှင့် ဖန်မင်ကျေးရွာအုပ်စုတို့တွင် လောင်းကစားဂိမ်းခုံ အများအပြား ဖွင့်ထားရာတွင် လစဉ် ရဲတပ်ဖွဲ့ကို လိုင်းကြေးပေးနေရသည့်အပြင် စစ်ဗျူဟာမှူးအတွက်ဟုဆိုကာ စစ်သားတစ်ဦးက သီးခြား ကောက်ခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။

"လစဉ်လိုင်းကြေးကိုတော့ ဂိမ်းခုံအကြီးတစ်နေရာက လစဉ်ပေးရတဲ့ မှတ်တမ်းစာအုပ်ကို တောင်းကြည့်ရင် ဘယ်အဖွဲ့တွေကို ဘယ်လောက်ပေးရတယ်ဆိုတာ သိရမှာပါ။ ကျွန်တော်တို့ဘက်မှာတော့ စရဖ အတွက် ဆိုပြီး ထပ်တိုးကောက်တာတွေလည်း ရှိနေတယ်။ အမှန်တကယ် သူတို့လက်ထဲ ရောက်လား မရောက်လားတော့မသိဘူး။ ဒီကြားထဲ လူမိုက်အဖွဲ့တစ်ဖွဲ့က သူတို့တောင်းတဲ့ ငွေမပေးလို့ ဂိမ်းခုံတွေကို ရိုက်ခွဲတာမျိုး မိုက်ကြေးခွဲတဲ့ လုပ်ရပ်တွေလည်း ခဏခဏ ကြုံရတယ်။ အဲ့လို ကြုံလာတော့လည်း လိုင်းကြေးယူထားတဲ့ ရဲတွေက လာမတားမြစ်ပေးကြပါဘူး။ တကယ်တော့ဗျာ ငွေပေးနေရတာက ဂိမ်းခုံကို မဖမ်းဖို့ ပေးရတာပါပဲ။ တကယ်ဖြစ်လာတော့လည်း သူတို့လည်း မကယ်နိုင်ကြဘူး"ဟု မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ဂိမ်းခုံပိုင်ရှင်တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့တွင် ပြောသည်။



တာချီလိတ်မြို့ရှိ လောင်းကစားဂိမ်းခုံ အချို့နေရာများတွင် ဂိမ်းခုံသီးသန့်ဖွင့်လှစ်ထားမှုများရှိသလို အချို့ဂိမ်းခုံများတွင် မူးယစ်ဆေးဝါးများပါ ရောင်းချ သုံးစွဲခွင့်များပါ ရရှိနိုင်ကြောင်း သိရသည်။