ကယားပြည်နယ်အတွင်း (၆)မိုင်တွင် ဖမ်းဆီးခံသည့် လူငယ်နှစ်ဦး အပါအဝင် စုစုပေါင်း လူငယ် (၄) ဦးကို အာဏာသိမ်းတပ်၏ ၄၂၇ နှင့် ၁၀၂ တပ်တို့တွင် ထိန်းသိမ်းထား

ကယားပြည်နယ်အတွင်း (၆)မိုင်တွင် ဖမ်းဆီးခံသည့် လူငယ်နှစ်ဦး အပါအဝင် စုစုပေါင်း လူငယ် (၄) ဦးကို အာဏာသိမ်းတပ်၏ ၄၂၇ နှင့် ၁၀၂ တပ်တို့တွင် ထိန်းသိမ်းထား
စက်တင်ဘာ 11, 2021 | ကယား

လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ပျံ့နှံ့လာသည့် ဓါတ်ပုံထဲမှ ဖမ်းဆီးခံထားရသည့် လူငယ် (၂) ဦးအပါအဝင် စုစုပေါင်း လူငယ် (၄) ဦးကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း အခြေစိုက် ခမရ(၄၂၇) နှင့် ခလရ(၁၀၂)တို့တွင် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး အဆိုပါလူငယ်များနှင့်ပတ်သက်၍ မိသားစုအား အသိပေးခြင်း မရှိကြောင်း သိရသည်။

ဖီးဒေးလယ်နဲ့ ပါစကွားလယ်တို့ကို ၄၂၇ တပ်မှာ ဖမ်းထားတာပါ။ တပ်မှာ ထိန်းထားတယ်။  အခုတော့ သေလား၊ ရှင်လား မသိသေးဘူး။ နောက် ၁၀၂ မှာလည်း အဖမ်းခံထားရတဲ့ (၂) ယောက်ရှိသေးတယ်။ စုစုပေါင်း (၄) ယောက်ထိန်းထားတာရှိတယ်

ဟု အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

ယနေ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်ဓါတ်ပုံမှ ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးမှာ ဒီမော့ဆိုမြို့နယ် (၆) မိုင်စံပြကျေးရွာမှ စက်တင်ဘာလ(၈)ရက်နေ့တွင် စစ်ရှောင်နေရာမှ ရွာသို့ခဏပြန်စဉ် အဖမ်းခံလိုက်ရသည့် ဖီးဒေးလယ်နှင့် ပါစကွားလယ်တို့ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း အဆိုပါ လူငယ် (၂) ဦး၏ အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်ဓါတ်ပုံတွင် ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးကို ကြိုးချည်ထားသူမှာ  အာဏာသိမ်းအဖွဲ့၏ တပ်မ ၆၆ မှဖြစ်ကြောင်း သိရသည်။

ဒဏ်ရာများရထားသည့် လူငယ်နှစ်ဦးကို ကြိုးချည်ထားပြီး လက်သုံးချောင်းထောင်ခိုင်းထားသည့်ပုံ လူမှုကွန်ရက်တွင် တွေ့ရပြီးနောက် အဆိုပါ လူငယ် (၂) ဦးမှာ အသက် (၁၄)နှစ်နှင့် (၁၅)နှစ်အရွယ် အရပ်သားလူငယ်များဖြစ်ကြသည်ဟု ဖမ်းဆီးခံရသူတစ်ဦး၏ အဒေါ်ဖြစ်သူက အတည်ပြုထားသည်ကိုလည်း တွေ့ရသည်။

 

ဆက်စပ်သတင်း

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဖမ်းဆီးခံရသော လူငယ်နှစ်ဦးမှာ ဒီမော့ဆိုမြို့နယ် (၆)မိုင်ရွာမှ စစ်ရှောင်လူငယ်များဖြစ်ကြောင်း အတည်ပြု