ဒီးမော့ဆိုမြို့နယ်တွင် ညပိုင်းပစ်ခတ်မှုအတွင်း လက်နက်ကြီးထိမှန် သေဆုံးသူ၏ အလောင်းအား ကောက်ယူ၍ မရသေး

 ဒီးမော့ဆိုမြို့နယ်တွင် ညပိုင်းပစ်ခတ်မှုအတွင်း လက်နက်ကြီးထိမှန် သေဆုံးသူ၏ အလောင်းအား ကောက်ယူ၍ မရသေး
မေ 28, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု အောင်မင်္ဂလာတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ညမှ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းအထိ ပစ်ခတ်မှုများအတွင်း လက်နက်ကြီ းထိမှန်သေဆုံးသွားသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နေ့လယ်ပိုင်းအထိ ကောက်ယူ၍မရသေးကြောင်း သိရသည်။

မေလ (၂၇) ရက်နေ့ ည (၈)နာရီကျော်မှ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းအထိ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုအတွင်း  ငွေ​တောင်ကျေးရွာ အမှတ် (၄၂၇) တပ်ရင်းအရှေ့ဖက်  အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးမှာ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။ 

ညက (၈)နာရီကျော်လောက်ကစပြီး မနက် (၂)နာရီလောက်ထိ ဆက်တိုက်ပစ်ခတ်နေတာပေါ့ ။ ဒီမနက် သိရတာက အောင်မင်္ဂလာရပ်ကွက်က တစ်ယောက် လက်နက်ကြီးထိပြီး သေတယ်ပေါ့လေ။ လွိုင်ကော် လောပိတဖက်က အမြောက်တပ်က အလုံး (၄၀) လောက်ရှိတယ် လှမ်းပစ်တာ။ အဲဒါ အဲဒီရပ်ကွက်က ရွာသားပေါ့။ ရှောင်မရသေးဘဲ ပိတ်မိနေတဲ့သူပေါ့။ အခုထိ အဲဒီနားတစ်ဝိုက်မှာ တပ်စွဲထားတယ် ။ တပ်ချထားတာတွေရှိတော့ အခုထိ အလောင်းကောက်လို့မရသေးဘူး

ဟု ငွေတောင်ကျေးရွာ ဒေသခံတစ်ဦးက ​ပြောသည်။ 

ငွေတောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက်(၄၀)နှစ်အရွယ် ကိုဇော်မင်းဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော  လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်က တပ်ချထားသဖြင့် ရုပ်အလောင်းအား ကောက်၍ မရသေးသည့်အပြင် ပိတ်မိနေသူများလည်းရှိကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၇ ရက်နေ့ ည (၈)နာရီကျော်မှစ၍ လွိုင်ကော်အခြေစိုက် အမြောက်တပ်ကပါ ပစ်ကူခဲ့ပြီး မေလ (၂၈) ရက်နေ့ နံနက်ပိုင်းထိ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ကြား အပြန်လှန်ပစ်ခတ်မှုများ​ရှိခဲ့သည်။