စစ်ကောင်စီလော်ဘီများက သတ်ဖြတ်ခံလိုက်ရပြီဟု သတင်းတု ထုတ်လွှင့်နေသည့် လွိုင်ကော်တက္ကသိုလ် ပါချုပ်ကောင်းမွန်စွာရှိ၊ Non CDM ၂၀၄ ဦးအား မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် လုပ်ဆောင်နေ

စစ်ကောင်စီလော်ဘီများက သတ်ဖြတ်ခံလိုက်ရပြီဟု သတင်းတု ထုတ်လွှင့်နေသည့် လွိုင်ကော်တက္ကသိုလ် ပါချုပ်ကောင်းမွန်စွာရှိ၊ Non CDM ၂၀၄ ဦးအား မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် လုပ်ဆောင်နေ
နိုဝင်ဘာ 20, 2023 | 2021 Military Coup| ကယား

စစ်ကောင်စီလော်ဘီများက သတ်ဖြတ်ခံလိုက်ရပြီဟု သတင်းတု ထုတ်လွှင့်နေသည့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေကြောင်း KNDF ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၁၁၁၁ စစ်ဆင်ရေး၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ်မှ စီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ဝန်ထမ်းများနှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းတို့ကြောင့် လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့် မိသားစုများ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ်အချိန်၌ ဘေးကင်းရာသို့ တော်လှန်ရေးတပ်များက အရေးပေါ် ကူညီရွှေ့ပြောင်းခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့် အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IECမှ ဆက်လက်လုပ်ဆောင်ပေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : KNDF