လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဖမ်းဆီးခံရသော လူငယ်နှစ်ဦးမှာ ဒီမော့ဆိုမြို့နယ် (၆)မိုင်ရွာမှ စစ်ရှောင်လူငယ်များဖြစ်ကြောင်း အတည်ပြု

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဖမ်းဆီးခံရသော လူငယ်နှစ်ဦးမှာ ဒီမော့ဆိုမြို့နယ် (၆)မိုင်ရွာမှ စစ်ရှောင်လူငယ်များဖြစ်ကြောင်း အတည်ပြု
စက်တင်ဘာ 11, 2021 | ကယား

လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ပျံ့နှံ့လာသည့် ဓါတ်ပုံထဲမှ ဖမ်းဆီးခံထားရသည့် လူငယ် (၂) ဦးမှာ ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် စံပြ (၆)မိုင်ရွာမှ ဖြစ်ကြပြီး စက်တင်ဘာလ (၈) ရက်နေ့က ရွာအနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲငြိမ်သွား၍ တိမ်းရှောင်နေရာမှ ပြန်သွားကြစဉ် အာဏာသိမ်းစစ်တပ်က ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းခံထားရသည့် လူငယ်နှစ်ဦး၏လက်ကို ကြိုးဖြင့်ချည်၍ လက်သုံးချောင်းထောင်ခိုင်းကာ အာဏာသိမ်းတပ်ဝတ်စုံဝတ်ထားသူတစ်ဦးက ကြိုးကိုကိုင်ထားသည့်ပုံတစ်ပုံ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က လူမှုကွန်ရက်တွင် ပျံ့နှံ့နေခြင်းဖြစ်သည်။

“ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင်ရွာက ကလေးနှစ်ယောက်ပါ။ ပုံက ဘယ်ကနေ ဘယ်လိုတက်လာလဲတော့မသိဘူး။ သူတို့က (၈) ရက်နေ့ ဒေါပိုးစီ (၆ မိုင်အနီးမှရွာ) မှာ တိုက်ပွဲဖြစ်ပြီးတော့ ရွာကို ခဏပြန်တဲ့အချိန် အဖမ်းခံလိုက်ရတာ။ အခု အသက်ရှင်သေးလား၊ ဘာဖြစ်နေလဲတော့ အသေအချာ မသိရသေးဘူး။”ဟု ၆ မိုင်ကျေးရွာမှ ဒေသခံက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

အဆိုပါ လူငယ် (၂) ဦးမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ် (PDF)မှ မဟုတ်ကြဘဲ အသက် (၁၄)နှစ်နှင့် (၁၅)နှစ်အရွယ် စစ်ဘေးရှောင်လူငယ်များသာဖြစ်ကြပြီး အာဏာသိမ်းတပ်က ဖမ်းပြီး ပစ်သတ်လိုက်ပြီဖြစ်ကြောင်း ဖမ်းခံရသည့်လူငယ်တစ်ဦး၏ အဒေါ်ဖြစ်သူက ရေးထားသည်ကို တွေ့ရသည်။

ဒီမော့ဆိုမြို့နယ်ရဲစခန်းတွင် စက်တင်ဘာလ (၇) ရက်နေ့က တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ တိမ်းရှောင်ခဲ့ကြရပြီးနောက် အာဏာသိမ်းစစ်တပ်က ဒေါပိုးစီနှင့် စံပြ (၆) မိုင်ကျေးရွာများတွင် တပ်စွဲနေကြခြင်းဖြစ်ပြီး အဆိုပါလူငယ် (၂) ဦးမှာ စစ်ဘေးရှောင်နေရာမှ ရွာအနီးတိုက်ပွဲငြိမ်သွား၍ ပြန်သွားကြရာမှ ပျောက်ဆုံးနေကြခြင်းဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ (၇) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် စံပြ (၆) ကျေးရွာအတွင်း ပြည်သူလူထု နေအိမ်များကို မီးရှို့ပြီးနောက် စံပြ ၆ မိုင်ရွာနှင့် ဒေါပိုးစီကျေးရွာတို့တွင် အင်အား (၃၀၀) ခန့်ဖြင့် တပ်ဖြန့်ထားခဲ့စဉ်  အဆိုပါလူငယ် (၂) ဦးမှာ စစ်ဘေးရှောင်နေရာမှ ရွာအနီးတိုက်ပွဲငြိမ်သွား၍ ပြန်သွားကြရာမှ ပျောက်ဆုံးနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

ကယားပြည်နယ်အတွင်း (၆)မိုင်တွင် ဖမ်းဆီးခံသည့် လူငယ်နှစ်ဦး အပါအဝင် စုစုပေါင်း လူငယ် (၄) ဦးကို အာဏာသိမ်းတပ်၏ ၄၂၇ နှင့် ၁၀၂ တပ်တို့တွင် ထိန်းသိမ်းထား