တာချီလိတ်မြို့တွင်   Covid-19 ပြန်လည် ကူးစက်မှုများရှိနေပြီး တချို့က အိုမီခရွန်ဟု ယူဆနေ

တာချီလိတ်မြို့တွင်   Covid-19 ပြန်လည် ကူးစက်မှုများရှိနေပြီး တချို့က အိုမီခရွန်ဟု ယူဆနေ
ဖေဖော်ဝါရီ 9, 2022 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်နေပြီး အိုမီခရွန်ဟု ယူဆရကြောင်း ပြောဆိုနေကြပြီး တာချီလိတ်ခရိုင် ကျန်းမာရေးဌာနက ဒေသတွင်း ပြည်သူများကို သတိပေး ထုတ်ပြန်မှုများမရှိသော်လည်း မြို့တွင်း၌ မိမိအစီအစဉ်ဖြင့်  စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိမှုများ ရှိနေကြောင်း သိရသည်။

အနံ့မပျောက်ဘူး အရသာ မပျောက်ဘူး။ ချမ်းလိုက် တုန်လိုက်ဖြစ်တယ်။ ဒုတိယရက်ကတော့ လည်ချောင်းတွေ နာလာတယ်။ ကိုယ်လက်တွေလည်း ကိုက်ခဲနေတယ်။ တာချီလိတ်မှာက ဖြစ်လည်း မစစ်ကြဘူး။ ရိုးရိုးဖျားတယ် လုပ်နေတာ။  မနေ့က စစ်လိုက်တာ။ ကျွန်တော်က  အိမ်က လူတွေနဲ့ ပတ်ဝန်းကျင်ကို အားနာလို့ စစ်ပြီး သပ်သပ်အခန်းခွဲနေတာ။ အိုမီခရွန်က စစ်ကြည့်မှသိတာ ဒီတိုင်းပဲ ဖျားတယ်ထင်နေကျတာ

ဟု မိမိအစီအစဉ်ဖြင့် Covid-19 စစ်ဆေးပြီး ပိုးတွေ့ရှိသူ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံပြီးတွင် ယခုရက်ပိုင်းအတွင်း အိုမီခရွန်လက္ခဏာရှိသည့် လူနာအချို့ရောက်ရှိလာမှုများရှိသည့်အတွက် ကျန်းမာရေးဝန်ထမ်းအချင်းချင်း သတိပေးနေမှုများလည်းရှိနေကြောင်း သိရသည်။

အခုက အရင်လို ခံစားမှုမျိုးတော့မဟုတ်ဘူး။ အိုမီခရွန်လို့ ယူဆနေကြတာများတယ်။ အဲ့လိုများလည်း သူတို့က တတိယလှိုင်းတုန်းကလိုပဲ ဆေးရုံသွား မစစ်တော့ပါဘူး။ ဆေးဆိုင်ကနေ ဝယ်စစ်လိုက်ကြတာများတယ်။ လောလောဆယ် Test Kit တွေတော့ ဈေးပြန်တက်လာတယ်

ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် Covid-19 ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့တွင် စနစ်တကျ စစ်ဆေး ကုသမှုများကို အလေးအထားကာ ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းကာလအတွင်း ဖြစ်ပွားသည့် တတိယလှိုင်းတွင် စစ်ဆေးသည့် လုပ်ဆောင်မှုများမှာ ကျိုင်းတုံမြို့ထက် အားစိုက်လုပ်ဆောင်မှု လျော့နည်းလာပြီး များသောအားဖြင့် ဒေသခံများမှာ Test Kit များကို ဆေးဆိုင်များတွင် ဝယ်၍ မိမိအစီအစဉ်ဖြင့်သာ စစ်ဆေးပြီး နေအိမ်တွင်သာ နေထိုင်ခြင်းများ ရှိခဲ့သည်ဟု သိရသည်။

တာချီလိတ်ခရိုင်အတွင်း၌ စစ်ကောင်စီ၏ ဝါဒဖြန့် ဌာနဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တစ်ခုတည်းက Covid-19 မျိုးဗီဇပြောင်း  အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို လုပ်ဆောင်နေသည်ကို တွေ့ရပြီး ကျန်သည့်ဌာနများမှာ ထိထိရောက်ရောက် အသိပညာပေးခြင်း Mask များကို မဖြစ်မနေတပ်ရန် အသိပေးခြင်းများ လုပ်ဆောင်မှု အားနည်းနေကြောင်း သိရသည်။ 

တာချီလိတ်မြို့ နှင့်အနီး မိုင်းဆတ်မြို့တွင်လည်း ယနေ့ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် ရန်ကုန်မှ လေကြောင်းဖြင့် လာသည့် (၃)ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိပြီး အိုမီခရွန်လက္ခဏာရှိကြောင်း နှင့် ၎င်းတို့သည် Covid-19 ကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးသူများဖြစ်သည်ဟုလည်း မိုင်းဆတ်ကျန်းမာရေးဌာနထံက သိရသည်။