အာဏာသိမ်းတပ်က မုံးကိုးခရိုင်အတွင်း MNDAA ကို လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်နေ

အာဏာသိမ်းတပ်က မုံးကိုးခရိုင်အတွင်း MNDAA ကို လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ်ဆင်နေ
စက်တင်ဘာ 6, 2021 | နိုင်ငံရေး

အထူးဒေသ(၁) မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသရှိ  ကိုးကန့်တပ် (MNDAA)ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့မှကတည်းက ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်က စက်တင်ဘာလ (၆) ရက်နေ့ နံနက်အစောပိုင်းတွင် အမြောက်တပ်အကူအညီဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက် ထိုးစစ်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကို ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်၏ ကိုးကန့်ဒေသ ဟဲ့ရှန်နှင့်လုံခမ်ဒေသအခြေချ အမြောက်တပ်များက ဖောင်းဆိုင်ဒေသရှိ  MNDAA တပ်ကို ပြင်းပြင်းထန်ထန်ပစ်ခတ် တိုက်ခိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်း (၃) ကြောင်းခွဲကာ ရှိကျိကြတောင်တန်းရှိ ကိုးကန့် MNDAAတပ်ကို မြေပြင်မှ နံနက် (၁၁)နာရီအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီးပစ်ကူဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်သည် အထိနာ၍ ပြန်ဆုတ်သွားသော်လည်း ကြိုကြားပစ်ခတ်တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးလည်း ဆက်တိုက်ပစ်နေရာ နေ့လယ် (၂)နာရီအချိန်ထိ လက်နက်ကြီးကျည် (၆၀၀) ထက်မနည်း ပစ်ခတ်ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါထိုးစစ်ကို ခုခံနေသည့်  MNDAA မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာ ပြင်းထန်စွာရသွားသည်ဟု သိရသည်။

ယမန်နေ့က ကိုးကန့်ဒေသကို ဒရုန်းဖြင့် ထောက်လှမ်းခဲ့သည့် အာဏာသိမ်းစစ်တပ်က ဖောင်းဆိုင်ဒေသတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အပြင် လက်နက်ကြီးပစ်ကူများဖြင့်ပါ ပြင်းပြင်းထန်ထန်တိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း