KNU/KNLA ၏ တပ်မဟာ(၅)နယ်မြေတွင် ၁၅ ရက်တာကာလအတွင်း အာဏာသိမ်းစစ်တပ်နှင့် KNU/KNLA တို့ ပစ်ခတ်မှု (၅၆)ကြိမ်ဖြစ်ပွား

Photo: Thoolei News
Photo: Thoolei News
KNU/KNLA ၏ တပ်မဟာ(၅)နယ်မြေတွင် ၁၅ ရက်တာကာလအတွင်း အာဏာသိမ်းစစ်တပ်နှင့် KNU/KNLA တို့ ပစ်ခတ်မှု (၅၆)ကြိမ်ဖြစ်ပွား
သြဂုတ် 18, 2021 | နိုင်ငံရေး

KNU/KNLA ၏ တပ်မဟာ (၅) နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်တပ်က စစ်အင်အားတိုးချဲ့မှုနှင့် စစ်ရေးလှုပ်ရှားမှုတိုးလာခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အတွင်း KNU/KNLA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား ပစ်ခတ်မှုပေါင်း (၅၆) ကြိမ် ဖြစ်ပွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ရေးလှုပ်းရှားမှုများပိုမိုလုပ်ဆောင်လာသည့်အတွက်ကြောင့် ပစ်ခတ်မှုများ နေ့ စဥ်လိုလို ဖြစ်ပွားနေကြောင်း KNU၏ သတင်းထုတ်ပြန်ရေး သူးလေသတင်းက KNU နယ်မြေ မူတြော်ခရိုင် တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုကို ကိုးကား၍ သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ (၅) နယ်မြေအတွင်း ပစ်ခတ်မှုပေါင်း (၅၆) ကြိမ်အတွင်း အာဏာသိမ်းစစ်တပ်က ဒေသခံလူထု လုပ်ငန်းလုပ်ကိုင်ရာနေရာများသို့ လက်နက်ကြီး (၈၈)လုံးနှင့် လက်နက်ငယ် (၁၅၀၀) လုံးပစ်ခတ်ခဲ့၍ အရပ်သား(၁) ဦးသေကာ (၁) ဦးဒဏ်ရာရခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါပစ်ခတ်မှုများအတွင်း အာဏာသိမ်းစစ်တပ်မှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် (၁၅) ဦးထက်မနည်း ဒဏ်ရာရပြီး (၃၄) ဦးသေပြီး KNU/KNLA က (၃) ဦးဒဏ်ရာရသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် လက်ရှိတွင်လည်း အဆိုပါနယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုပိုမို လုပ်ဆောင်လာသည့်အပြင် ရိက္ခာတင်ပို့မှုနှင့် တပ်အင်အားတိုးချဲ့မှုများ ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။