Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းက KTV&Bar ကို ကွက်ကျားမိုး ဖမ်းဆီးပြီး (၅၈)ဦးကို ညမထွက်ရ အမိန့်ချိုးဖောက်မှုဖြင့် အမှုဖွင့်

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် ဖွင့်လှစ်နေသည့် KTV များအနက် ပုံလို့လမ်းက KTV&Bar ကို ကွက်ကျားမိုး ဖမ်းဆီးပြီး (၅၈)ဦးကို ညမထွက်ရ အမိန့်ချိုးဖောက်မှုဖြင့် အမှုဖွင့်
စက်တင်ဘာ 4, 2021 | Covid-19| ရှမ်းရှေ့
By Tachileik News Agency

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့တွင် ညပိုင်း ဖွင့်လှစ်နေသည့် KTV များထဲက ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ KTV နှင့် Bar အား ဝင်ရောက်ဖမ်းဆီးပြီး (၅၈)ဦးကို ညမထွက်ရအမိန့်ချိုးဖောက်မှုဖွင့် အမှုဖွင့်ထားပြီး ၎င်းတို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် ခေတ္တချုပ်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသား(၂၄)ဦး နှင့် အမျိုးသမီး (၃၄)ဦး စုစုပေါင်း (၅၈)ဦးဖြစ်ပြီး ကား(၄)စီး နှင့် ဆိုင်ကယ်(၆)စီးတို့ကိုလည်း သိမ်းဆည်းထားပြီး  ဖမ်းမိသည့် (၅၈)ဦးတွင် အသက် (၁၅)နှစ်အရွယ် လူငယ်လည်း ပါဝင်ကြောင်း သိရသည်။

"ဆိုင်တာဝန်ခံ အပါအဝင် အမျိုးသမီး (၃၄)ဦး နဲ့ လာလည်တဲ့ ဧည့်သည်ရောဆို အမျိုးသားက (၂၄)ဦးပေါ့။ အဲ့ဒီထဲမှာ အသက် (၁၈)နှစ်အောက်က (၅)ဦးလောက်ပါတယ်။ အသက်မပြည့်တာကိုတော့ ခါတိုင်းတော့ အမှုမဖွင့်ဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးကတော့   ဘယ်လို လုပ်မလဲ မသိသေးဘူး။ လောလောဆယ်တော့ သူတို့ကို ကိုဗစ် မစစ်ရသေးလို့ ဝမ်ပုံရဲစခန်းမှာ ခဏချုပ်ထားတယ်။"ဟု အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၄)ရက်နေ့ ညနေပိုင်းက ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပုံလို့လမ်းဘေးရှိ Lon Lon KTV & Bar ကို ၂၀၂၁ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့အကူး နံနက်(၃)နာရီအချိန်က ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးမှုအား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်တို့က ကြီးကြပ်ကွပ်ကဲပြီး ခမရ(၅၇၂)၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးလင်းလင်းထွန်း ဦးစီးသည့် အဖွဲ့ အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေး နှင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

Stay at Home သတ်မှတ်ထားသည့် တာချီလိတ်မြို့၏ Covid-19 တတိယလိုင်းအတွင်း ဖွင့်လှစ်နေသည့် KTV နှင့် Bar များမှာ Lon Lon KTV & Bar တစ်နေရာတည်းသာ ဖွင့်လှစ်နေခြင်း မဟုတ်ဘဲ ဒေသအာဏာပိုင်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများ၏ KTV များ နှင့် လောင်းကစားဂိမ်းခုံများပါ ဖွင့်လှစ်မှုများရှိနေသည်ဟု သိရသည်။

"တကယ်တော့ KTV က အဲ့ တစ်နေရာတည်း ဖွင့်တာမဟုတ်ဘူးဗျ၊ ဝမ်ကောင်းတို့၊ ဆန်ဆိုင်းတို့ထဲမှာရော မြို့ပြင်ဘက်မှာရော ဖွင့်နေကြတာ။ သူတို့သိပါတယ် သူတို့ကိုယ်တိုင် သွားနေကြတာပဲ။ နောက်ပြီး လောင်းကစား ဂိမ်းခုံတွေလည်း ဖွင့်နေတာ မသိတာမှမဟုတ်တာ သူတို့ မသိယောင်ဆောင်နေတာ။ တာချီလိတ်မြို့က ကွက်ကျားမိုးရွာသလို လုပ်တဲ့ ပုံစံတွေက ထုံးစံလိုဖြစ်နေပြီ။ တာချီလိတ်မြို့ကို ခုလိုနည်းနဲ့ ဒုစရိုက်မြို့အဖြစ် အာဏာပိုင် အစဉ်အဆက်က အသက်သွင်းခဲ့တာ။ ကျွန်တော်တို့အနေနဲ့ ဖြစ်ချင်တာကတော့ လုပ်ရင်လည်း ကွက်ကျားမိုးမလုပ်ဘဲ တပြေးညီ ဖြစ်သင့်တာပေါ့။"ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ကို သတ်မှတ်ထားသော်လည်း ယခင်ကတည်း ညပိုင်း တားမြစ်မိန့်ကို ချိုးဖောက်ကာ KTV နှင့် Club များ ဖွင့်သည့်အတွက် ထိုမှတဆင့် Covid-19 ကူးစက်မှုများ စတင်ခဲ့ပြီး Covid-19 တတိယလှိုင်းတွင် သေဆုံးသူ (၈၀)နီးပါးအထိရှိနေသည်မှာလည်း ယခုလို ဖြစ်စဉ်များကနေ စတင်ခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ်ထားကြသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖောက်သူများထဲက သာမာန်ပြည်သူများကို ထောင်ဒဏ်(၁)လ ချမှတ်ပြီး အမိန့်ချိုးဖောက်သည့် ဝန်ထမ်းများကိုတော့ ထောင်ဒဏ် မသတ်မှတ်ဘဲ ဒဏ်ငွေအဖြစ်သာ သတ်မှတ်သည့် ဖြစ်စဉ်များ တာချီလိတ်မြို့တွင် ရှိခဲ့သည်။

တာချီလိတ်မြို့အား Covid-19 ထိန်းချုပ်နိုင်ရေးအတွက်ဟုဆိုကာ Stay at Home အဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ကတည်းက သတ်မှတ်ထားခြင်းလည်းဖြစ်သည်။