တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်း၏ ခြံစည်းရိုးအုတ်တံတိုင်းများကို သံဆူးကြိုးခတ်

တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)ကျောင်း၏ ခြံစည်းရိုးအုတ်တံတိုင်းများကို သံဆူးကြိုးခတ်
ဇွန် 19, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှေ့၏ ခြံစည်းရုံး အုတ်တံတိုင်းများပေါ်တွင် သံဆူးကြိုးများကို ဇွန်လ(၁၈)ရက်နေ့က စ၍ ဇွန်လ(၁၉)ရက်နေ့အထိ တင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သူတို့ မနေ့က စလုပ်နေတာ။ ကျောင်းရှေ့မှာ လုပ်နေချိန်တော့ ရဲတွေ အိမ်စီးကား (၂)စီးရပ်ထားပြီး ကားထဲကနေ စောင့်ကြည့်နေတာမျိုးတွေ လုပ်တာတွေ့ရတယ်။ အထက ကျောင်းထဲမှာက နေ့ရော ညရော စစ်သားတွေ စောင့်နေကြတာ။ ကျောင်းရှေ့ ညောင်ပင်နားနဲ့ ဆေးရုံဟောင်းရှေ့ ဝန်းကျင်နားမှာ အရပ်ဝတ်နဲ့ ကားပွဲစားယောင်ယောင် ဘာယောင်ယောင် ညနေဆို ရောက်လာကြပြီး စောင့်နေကြတာတွေ့ရတယ်

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၉)ရက်နေ့တွင် ပြောသည်။

အထက(တာချီလိတ်)ကျောင်းအတွင်း၌ မြို့နယ်ပညာရေးမှူးရုံးလည်းရှိသည့်အတွက် အခြားကျောင်းများထက် လုံခြုံရေး ပိုမိုတင်းကြပ်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရှိ စာသင်ကျောင်းများအနက် အထက(ဆန်ဆိုင်း)၊ အထက(ဟောင်လိတ်)အနီး နှင့် ရန်အောင်မြေစာသင်ကျောင်းတို့တွင် ဗုံးပေါက်ပွဲမှုများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း  CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများ နှင့် ပညာရေးဝန်ထမ်း (၃၀၀)ကျော်ရှိခဲ့ရာမှ လုပ်ငန်းပြန်ဝင်သူများရှိပြီး လုပ်ငန်းပြန်မဝင်သည့် (၂၄၄)ဦးကို ရာထူးတာဝန်ကနေ ထုတ်ပယ်လိုက်သည့်အတွက် အချို့ ဆရာ၊ဆရာမများမှာ နာရေးဖိတ်စာအဟောင်းများကို ရက်စွဲများပြောင်း၍ ထုချေလွှာတင်ပြီး လုပ်ငန်းပြန်ဝင်သူများရှိနေသည့်အတွက် ထုတ်ပယ် (၂၄၄)ဦးထဲက လတ်တလောတွင် (၂၀)ဝန်းကျင်မှာ လုပ်ငန်းပြန်ဝင်သွားသည့်အတွက် လက်ရှိတွင် (၂၂၀)ဝန်းကျင်သာ ထုတ်ပယ်စာရင်းတွင် ကျန်ရှိကြောင်းလည်း သိရသည်။