မိုင်းဖြတ်မြို့တွင် (၂)ရက်တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး တွေ့ရှိ

Photo: မိုင်းဖြတ်လူမှု​ရေးကူညီမှုအသင်း
Photo: မိုင်းဖြတ်လူမှု​ရေးကူညီမှုအသင်း
မိုင်းဖြတ်မြို့တွင် (၂)ရက်တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး တွေ့ရှိ
နိုဝင်ဘာ 10, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် (၂)ရက်တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၇)ဦး တွေ့ရှိကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့ဆေးရုံ၏ Fever Clinic သို့  (၃၅)ဦး လာရောက်စစ်ဆေးမှုခံယူရာ (၇)ဦးတွင် Covid-19 ကူးစက်ခံထားရသည်ကို တွေ့ရှိသလို  ခတ်တန်ကျေးရွာအတွင်းသို့ ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီနှင့် မိုင်းဖြတ်လူမှု​ရေးကူညီမှုအသင်းတို့မှ သွားရောက်၍ ကွင်းဆင်း စစ်ဆေးမှုများလုပ်ဆောင်ရာတွင်  စစ်ဆေးခံသူ (၁၆၈)ဦးအနက် (၃၄)ဦးတွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ(၉)ရက်နေ့က Fever Clinic အပါအဝင် ဝမ်မိုင်ရပ်ကွက် နှင့် မြို့ဝင်ဂိတ်တို့တွင် စုစုပေါင်း (၁၆)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး (၂)ရက်တာ စစ်ဆေးမှုအတွင်း ပိုးတွေ့ရှိရာတွင် ဝန်ထမ်းများအနေဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၄)ဦးနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ (၃)ဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း Covid-19 ထိန်းချုပ်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများအထိ ကျန်းမာရေးအဖွဲ့၊ ကြက်ခြေနီနှင့် မိုင်းဖြတ်လူမှု​ရေးကူညီမှုအသင်းတို့ စုပေါင်းပြီး လိုက်လံ စစ်ဆေးပေးနေကြောင်း သိရသည်။

မိုင်းဖြတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ နိုဝင်ဘာလ(၁၀)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၈၈၉)ဦးအထိရှိပြီး ဆေးရုံနှင့် သီးသန့်စောင့်ကြည့် စင်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၇၃၃)ဦးအထိရှိ၍ လက်ရှိတွင် စောင့်ကြည့်ကုသခံသူမှာ (၁၄၆)ဦးကျန်ရှိပြီး သေဆုံးသူမှာလည်း (၁၀)ဦးအထိ ရှိနေကြောင်း သိရသည်။