ကယားပြည်နယ်သို့ မည်သည့်ဒေသကမဆို လာရောက်သူတိုင်း စက်တင်ဘာလ (၁၂)ရက်နေ့မှစ၍ မိမိစရိတ်ဖြင့် Facility Quarantine (၁၄)ရက် ဝင်ရမည်

ကယားပြည်နယ်သို့ မည်သည့်ဒေသကမဆို လာရောက်သူတိုင်း စက်တင်ဘာလ (၁၂)ရက်နေ့မှစ၍ မိမိစရိတ်ဖြင့် Facility Quarantine (၁၄)ရက် ဝင်ရမည်
စက်တင်ဘာ 11, 2020
By Tachileik News Agency
ကယားပြည်နယ်သို့ မည်သည့်ဒေသကမဆို လာရောက်သူတိုင်း စက်တင်ဘာလ (၁၂)ရက်နေ့မှစ၍ မိမိစရိတ်ဖြင့် Facility Quarantine (၁၄)ရက် ဝင်ရမည်
ကယားပြည်နယ်သို့ မည်သည့်ဒေသမှဖြစ်စေ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း လာရောက်သူတိုင်း  Community Based Facility Quarantine (၁၄) ရက်နှင့် Home Quarantine (၇) ရက်နေထိုင်ရန် ပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ညွှန်ကြားချက်ထုတ်ထားသည်။
“ကျွန်တော့်ဆီကို ညွှန်ကြားချက်ရောက်ပါတယ်။ ပြည်နယ်ကိုဗစ်ကော်မတီကပေါ့။ တစ်ခြားဟာတွေတော့ အရင်လိုပဲ တူတယ်။ အဓိက ထူးခြားချက်က ဒီ (၁၂) ရက်နေ့ကစပြီးတော့ ကယားပြည်နယ်ကို ဘယ်ဒေသ ကပဲလာလာ quarantine (၁၄)ရက်ဝင်ရမှာပေါ့။ အဲဒီနေရာမှာလည်း ကျွန်တော်တို့က ညွှန်ကြားချက်နဲ့ အညီပေါ့ ။ပြည်တွင်းပြန်တွေ၊ ပြည်ပပြန်တွေကတော့ နေ့စဉ်နဲ့အမျှ ဝင်နေတာပဲလေ။ သူတို့ကို သွားခေါ်ပြီးတော့ ဒီ quarantine စင်တာတွေမှာ ချထားပေးတယ်။ အဲဒီလိုတွေတော့ လုပ်နေပါတယ်ခင်ဗျ။ ” ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Community Based Facility Quarantine ဝင်ရောက်ရာတွင် ပြည်ပနိုင်ငံများမှ ပြန်လာသူများမှလွဲ၍ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်တွင်းမှ ဝင်ရောက်လာသူများအားလုံး စားသောက်ရန် ကိုယ်တိုင်စီစဉ်ခြင်း သို့မဟုတ်  Quarantine Center တွင်  တစ်နေ့စားသောက်စရိတ်အဖြစ် ငွေကျပ်(၂၈၀၀)နှုန်းဖြင့် (၁၄)ရက်စာအတွက် ငွေ(၃၉၂၀၀)ကျပ်အား စတင် ဝင်ရောက်သည့်နေ့တွင် ပေးသွင်းရမည်ဖြစ်သည်။
“အဓိကကတော့ နိုင်ငံခြား ပြည်တော်ပြန်တွေကတော့ သူတို့ကလည်း ဟိုမှာသွားအလုပ်လုပ်ကိုင်ရတာဖြစ်တဲ့ အတွက် တော်တော်များများကတော့ အဆင်မပြေဘူးလေ။ ဒါကိုတော့ ကျွန်တော်တို့ အစိုးရပိုင်းကနေ အရင်လိုပဲ ကျွေးမွေးပြီးတော့ ရေကအစပေါ့ လိုတာတွေလုပ်ပေးမှာပါ။ ကျန်တဲ့ ပြည်တွင်းပြန်တွေကတော့ သူတို့ကို သတ်မှတ်ထားတဲ့ နှုန်းထားလေးတွေကို ပေးသွင်းပြီးဝင်ဖို့ ကျွန်တော်တို့ဆီကိုတော့ ညွှန်ကြားလာပါတယ်။ ဖြစ်နိုင်ရင်တော့ဗျာ ဒီကာလမှာ ကိုယ်တွေဆီကရော တစ်ခြားကရော အကြောင်းကြီးငယ်မရှိရင် မသွားတာမလာတာကောင်းပါတယ်။ ”ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောသည်။
ကယားပြည်နယ်တွင် Covid -19 ဒုတိယလှိုင်းဖြစ်ပွားမှု စတင်သည့် သြဂုတ်လလယ်လောက်မှစ၍ ရောဂါ ထိန်းချုပ်၊ ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ် (၇) မြို့နယ်ရှိ အဝင်အထွက်စစ်ဆေးရေး ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများကို ကြပ်မတ်ဆာင်ရွက်သွားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
“ အခုလိုညွှန်ကြားချက်တွေထုတ်တာ ကောင်းပါတယ်။ စီးပွားရေးလုပ်ငန်းတွေထိခိုက်နိုင်တာတွေ ရှိတယ်ဆိုပေမဲ့ ကျွန်မတို့ ကယားပြည်နယ်က ကိုဗစ်ကင်းစင်နယ်မြေ ဖြစ်နေတယ်လေ။ အန္တရာယ်ကင်းနေသေးတော့ အသက်ရှုချောင်တာပေါ့။ အခုလို သေချာကြပ်မတ်သင့်တယ်။ ဂိတ်တွေမှာ သေချာစစ်ဆေးသင့်တယ်။ ကျွန်မတို့ကတော့ စိုးရိမ်စိတ်ကတော့ရှိနေတာပေါ့လေ။ အကုန်သတိကြီးကြီး ထားကြဖို့ပဲပြောချင်တယ် ။”ဟု လွိုင်ကော်မြို့မှ ဒေသခံ ဒေါ်မေရီက ပြောသည်။  
ကယားပြည်နယ်တွင် စက်တင်ဘာလ (၁၀) ရက်နေ့ထိ Community Based Facility Quarantine ဝင်ရောက်နေသူ စုစုပေါင်း (၈၆)ဦးရှိပြီး လွိုင်ကော်မြို့ ၊ ဒီးမော့ဆိုမြို့ ၊ ရှားတောမြို့ ၊ဖားဆောင်းမြို့ နှင့် မယ်စဲ့မြို့နယ်များတွင် Quarantine ဝင်ရောက်နေကြခြင်းဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~