ကျိုင်းတုံမြို့တွင် ကိုယ်လက်အင်္ဂါမပြည့်စုံသူ လူငယ်တစ်ဦးကို ရဲက ဖုန်းဆက်လိမ်ခေါ်ပြီး ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်

ကျိုင်းတုံမြို့တွင် ကိုယ်လက်အင်္ဂါမပြည့်စုံသူ လူငယ်တစ်ဦးကို ရဲက ဖုန်းဆက်လိမ်ခေါ်ပြီး ဖမ်းဆီးကာ ၅၀၅-က ဖြင့် အမှုဖွင့်
ဇွန် 18, 2021 | ရှမ်းရှေ့

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ သစ်တစ်ပင်တောင်အနီးတွင်  လူငယ်တစ်ဦးကို  ရဲက လိမ်ခေါ်ပြီး ဖမ်းဆီးခံကာ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

"သစ်တစ်ပင်တောင်မှာ သူငယ်ချင်းခေါ်တယ်ဆိုပြီး သွားတာ။ သူ့အိမ်ကနေ နာနတ်သီးတောင် ပါသွားသေးတယ်တဲ့။ ဟိုရောက်တော့ သူငယ်ချင်းမဟုတ်ဘဲ ရဲဖြစ်နေတယ်။ သူက ကိုယ်လက်အင်္ဂါမပြည့်စုံသူ တစ်ယောက်ပါ ဘာလို့ ဖမ်းလဲမသိဘူး"ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၈)ရက်နေ့တွင် ပြောသည်။

၂၀၂၁ခုနှစ် ဇွန်လ(၁၆)ရက်နေ့က ဖမ်းဆီးခံရသည့် အသက်(၂၁)ဝန်းကျင်ရှိ ကိုပေါ့ဂျေအား ကျိုင်းတုံမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားပြီး စစ်ကြောရေးပြုလုပ်နေကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံရသူ (၁၄)ဦးဝန်းကျင်အထိ ရှိနေပြီး ဖမ်းဆီးခံရသူများသည် မိသားစုများနှင့်ဆက်သွယ်ပြောဆိုမှုမရရှိသလို ကျိုင်းတုံထောင်အတွင်း၌သာ တရားရင်ဆိုင်နေရကြောင်း သိရသည်။