မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲကို လားဟူတိုင်းရင်းသား အများအပြား ဘာမှမသိရဘဲ ပါဝင်ခဲ့ရ

မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲကို လားဟူတိုင်းရင်းသား အများအပြား ဘာမှမသိရဘဲ ပါဝင်ခဲ့ရ
အောက်တိုဘာ 26, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း Covid-19 ကြောင့် လူ(၅)ယောက်အထက် မစုရဟု အမိန့်ထုတ်ထားသည့်  မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်တပ်က စီစဉ်သည့် ထောက်ခံပွဲအား ပါဝင်ရန် ဒေသခံတိုင်းရင်းသားများကို တစ်အိမ်တစ်ယောက် မဖြစ်မနေလာရောက်ရန် စေခိုင်းခဲ့သည်ဟု သိရသည်။ 

တောင်ပေါ်က လူတွေက ကိုဗစ်ကို ကြောက်လို့ မြို့ထဲ တော်ရုံမဆင်းလာကြဘူး။ ဈေးဝယ်ထွက်ရင်တောင်မှ တစ်ပတ်တခါလောက်ပဲ လာတာရှိတယ်။ ဒါတောင် လူအနည်းအကျဉ်းလောက်ပဲ ဈေးဝယ်ထွက်တာ။ အထက်ကို  လူဦးရေ အင်အား (၁၂၀၀)ကျော်ပြဖို့ဆိုပြီး မဖြစ်မနေ လာဖို့ ခေါ်တာ။ အဓိက ကတော့ စစ်တပ်က စီစဉ်တာပေါ့၊ ဒါကို စစ်မှုထမ်းဟောင်းနဲ့ ပြည်ခိုင်ဖြိုးပါတီက နောက်ကွယ်ကနေ အဓိက ပါတာပေါ့။ မနေ့က မဖြစ်မနေ လာရတဲ့ တောင်ပေါ်သားတွေမှာ လားဟူတိုင်းရင်းသားတွေ အများဆုံးပဲ။ သူတို့ ဘာမှ မသိမနားလည်ဘဲ လာရတယ်။ မိုင်းဆတ်ဆိုတာကလည်း စစ်တပ်နယ်မြေလိုဖြစ်နေတော့ ဘာမှ လှုပ်လို့မရဘူး

ဟု မိုင်းဆတ်ဒေသခံ တစ်ဦးက Tachileik News Agency သို့ အောက်တိုဘာလ(၂၆)ရက်နေ့တွင် ပြောသည်။

ကြွေးကြော်မှုများ ပြုလုပ်ရာတွင်လည်း တက်ရောက်လာသည့် တိုင်းရင်းသားများမှာ မသိ နားလည်၍ သတ်မှတ်ထားသည့်အတိုင်းသာ ဦးတည်လမ်းလျှောက်ရသည်ဟု ဆိုသည်။

လာတဲ့လူတွေထဲမှာ ဗမာစကားမတတ်တာတောင်ပါတယ်။ ဘာကို ကြွေးကြော်ရမှန်းသူတို့တောင် မသိဘူး။ တော်တော်များများက ဘာမှ မကြွေးကြော်တော့ဘဲ ဦးတည်ရာကို ရောက်အောင်ပဲ လမ်းလျှောက် လိုက်ကြတာ။ မိုးကလည်းရွာနေတာ

ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်တပ်အား ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲအဖြစ် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နှင့်   အောက်တိုဘာလ(၂၅)ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။

Covid-19 ကူးစက်မှုများနှင့် ပတ်သက်၍ မိုင်းဆတ်မြို့တွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် Covid-19 ကူးစက်ခံရသူ (၂၃)ဦး ထပ်တိုး၍ စုစုပေါင်း (၄၇၄)ဦးအထိ ရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ စေခိုင်းချက်ဖြင့် စစ်မှုထမ်းဟောင်းများက ဦးဆောင်ကာ စစ်တပ်နှင့် စစ်ကောင်စီ၏ ထောက်ခံပွဲများအဖြစ် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်ပေါင်း(၈)မြို့နယ် အပါအဝင် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား၊ မိုးမိတ်မြို့၊ ပူတာအိုမြို့၊ မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ တနိုင်းမြို့နှင့် ဗန်းမော်မြို့ စသည့် မြို့နယ်ပေါင်း(၇)မြို့နယ်တွင် လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နှင့် တန့်ယန်းမြို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ နှင့် ဘုတ်ပြင်းမြို့တို့တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၁)မြို့နယ်တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် လည်းကောင်း စုစုပေါင်း မြို့နယ်ပေါင်း (၄၆)မြို့တွင် လုပ်ဆောင်ခဲ့ကြသည်။

အာဆီယံအစည်းအဝေး မကျင်းပမီ တစ်ရက်အလိုဖြစ်သည့် အောက်တိုဘာလ(၂၅)ရက်နေ့ကစ၍ အာဏာသိမ်းစစ်တပ်က "အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော်ထောက်ခံပွဲ"များကို ပုံဖော်လုပ်ဆောင်နေခြင်း ဖြစ်သည်။