စစ်သား၊ရဲ၊ပြည်သူ့စစ်များ သေနတ်ကိုင်ပြီး စောင့်နေသည့် တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှု ပထမနေ့၌ ကျောင်းလာအပ်မှု မရှိသလောက် အလွန်နည်းပါး

စစ်သား၊ရဲ၊ပြည်သူ့စစ်များ သေနတ်ကိုင်ပြီး စောင့်နေသည့် တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများတွင် ကျောင်းအပ်နှံမှု ပထမနေ့၌ ကျောင်းလာအပ်မှု မရှိသလောက် အလွန်နည်းပါး
မေ 24, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်တပ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုကို ယနေ့ မေလ(၂၄)ရက်နေ့ နံနက်ပိုင်းက စတင်နေရာ ကျောင်းစလက်ခံသည့် ပထမဆုံးနေ့တွင် တာချီလိတ်မြို့တွင်းရှိ ကျောင်းတော်တော်များများ၌ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တို့ လက်နက်များကိုင်ဆောင်ပြီး စောင့်ကြပ်နေရာ ကျောင်းလာရောက် အပ်နှံသူမှာ ယခင်နှစ်ထက် မရှိသလောက် အလွန်နည်းပါးနေကြောင်း သိရသည်။

ခါတိုင်းဆို ကျောင်းဖွင့်ရက်မှာဆိုရင် မနက်ပိုင်းမှာတင် ကျောင်းလာအပ်သူများသလို။ ကျောင်းရှေ့လည်း ဈေးသည်တွေ အပြည့်ပဲ။ အခုတော့ အထက(တာချီလိတ်) ကျောင်းရှေ့မှာ ဈေးသည်တွေကိုလည်း မတွေ့ရသလို ကျောင်းလာအပ်သူများများစားစားလည်း မတွေ့ရဘူး။ ကျောင်းလာအပ်တဲ့သူတွေကလည်း စစ်တပ်ကို အားပေးသူနဲ့ ပြည်ခိုင်ဖြိုးပါတီကိုအားပေးတဲ့ လူတွေပဲရှိတာပေါ့။ ဒါတောင်သူတို့လည်း လာမအပ်ရဲကြသေးဘူး၊ ကျွန်တော် ခုစောင့်ကြည့်နေတာတော့ တစ်ယောက်စ နှစ်ယောက်စ နည်းနည်းပဲ တွေ့ရတယ်၊ နောက်ပြီး ကျောင်းထဲမှာ စစ်သား၊ ပြည်သူ့စစ်နဲ့ ရဲလည်းရှိတယ် သေနတ်တွေနဲ့စောင့်နေကြတယ်။ အဲ့တော့ ကျောင်းသားမိဘတွေလည်း ဖုန်းယူစစ်တာမျိုးတွေပါ လုပ်မှာဆိုးလို့ မလာတာလည်းရှိသလို ကျောင်းမအပ်တော့ဘူးလို့ ဆုံးဖြတ်ထားသူတွေလည်း ရှိကြတယ်။

ဟု အထက(တာချီလိတ်)ကျောင်း၏ အခြေအနေနှင့် ပတ်သက်၍ စောင့်ကြည့်နေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ပေါ်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံမှုနည်းပါးသော်လည်း စစ်တပ်များနှင့်နီးပြီး မြို့ဝင်မုခ်ဦးအနီးရှိ အထက(ဟောင်လိတ်)တွင် စစ်တပ်၏ သားသမီးအများစု ကျောင်းအပ်မှုအချို့ရှိကြောင်း သိရသည်။ 

ကျောင်းအပ်သည့် ပထမနေ့တွင် ကျောင်းအတွင်း၌ သေနတ်များကိုင်ဆောင်ထားသည့် စစ်သား၊ရဲ နှင့် ပြည်သူ့စစ်များ စောင့်ကြည့်နေကြောင်း သိရသည်။

ရဲ၊ စစ်သား၊ ပြည်သူ့စစ်တွေကတော့ လက်နက်တွေနဲ့ ဆိုတော့ ကျောင်းတက်ချင်တဲ့ ကလေး ရှိရင်တောင် သူတို့ကိုင်ထားတဲ့ သေနတ်တွေကြောက်ပြီး လာရဲမှာမဟုတ်ဘူး။ သူတို့က မထင်ရင် မထင်သလို ထထစစ်တာလည်းရှိတော့ မလွယ်ဘူးလေ။ ပြီးခဲ့တုန်းက ကိုဗစ်ကြောင့် ကျောင်း (၁)နှစ်နားခဲ့ရတာဆိုတော့ ဒီနှစ်လည်း ဆက်နားလို့ ဘာမှဖြစ်သွားမှာ မဟုတ်ဘူး။

ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း စစ်တပ်၏ ယန္တရားလည်ပတ်မှုတွင် ပါဝင် မလုပ်ဆောင်လို၍ CDM လုပ်ဆောင်ထားပြီး လုပ်ငန်းမှ ယာယီရပ်ဆိုင်းခံလိုက်ရသည့် မြို့နယ်ပညာရေးမှူး အပါအဝင် ဆရာ၊ဆရာမ အရေအတွက်မှာ (၂၇၀)ကျော် ရှိနေကြောင်း သိရသည်။

နိုင်ငံတကာ၏ လက်ရှိအခြေအနေမှာ Covid-19 ကူးစက်မှုများရှိနေ၍ စာသင်ကျောင်းများကို ကူးစက်မှုများနေသည့် နိုင်ငံများတွင် ပိတ်ထားနေရချိန် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အုပ်ချုပ်မှုယန္တရားတွင် ဝန်ထမ်းနှင့်ပြည်သူ ပူးပေါင်းပါဝင်ကြောင်း ပြသလိုသည့် စိတ်တစ်ခုတည်းကြောင့်တာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအရ Covid-19 စစ်ဆေးမှုတွင်  ပြည်သူ့အစိုးရလက်ထက်ကလို ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးဆောင်ရွက်ခြင်းများ မလုပ်နိုင်၍ Covid-19 ကူးစက်မှု နည်းပါးနေသည်ဟုသာ ထင်နေကြခြင်းဖြစ်ကြောင်း  CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများက ဆိုသည်။