ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၉၅)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံရသူ (၉၅)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုး
သြဂုတ် 30, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၃၀)ရက်နေ့ တစ်နေ့တည်း သေဆုံးသူ (၂)ဦးတိုးပြီး Covid-19 ကူးစက်ခံထားရသူ (၉၅)ဦး ထပ်တိုးကြောင်း သိရသည်။

သေဆုံးသူ (၂)ဦးမှာ ကျိုင်းတုံမြို့ ရပ်ကွက်(၂)၊ ကျိုင်းကာရပ်နေ အသက်(၅၈)နှစ်အရွယ် အမျိုးသမီး (၁)ဦး နှင့် ရပ်ကွက်(၁)အတွင်းရှိ  ရဲစခန်းဝင်းအတွင်းမှ အသက်(၄၇)နှစ်အရွယ် အမျိုးသမီး (၁)ဦးတို့ ဖြစ်ပြီး ၎င်းတို့သည် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိ၍ ဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ အသစ်ထပ်တိုးတွေ့ရသည့် Covid-19 ကူးစက်ခံရသူ (၉၅)ဦးမှာ ရပ်ကွက်(၁)မှ (၃၃)ဦး၊ ရပ်ကွက်(၂)မှ (၃)ဦး၊ ရပ်ကွက်(၃)မှ (၂)ဦး၊ ရပ်ကွက်(၄)မှ (၁၃)ဦး၊ ရပ်ကွက်(၅)မှ (၁၃)ဦး၊ ကျေးရွာအုပ်စုများမှ (၁၇)ဦးအပြင် စစ်ဆေးရုံမှ (၁၄)ဦး တို့ ပါဝင်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ကျိုင်းတုံရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် အနည်းဆုံး (၅၀)အထက် Covid-19 ကူးစက်ခံထားရပြီး မိသားစုဝင်(၂)ဦးမှာလည်း ဆေးကုသနေစဉ် သေဆုံးသွားကြောင်းလည်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၃၀)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၁၆၂၉)ဦးရှိနေပြီး သေဆုံးသူမှာ (၂၅)ဦးအထိရှိလာကာ ဆေးရုံဆင်းခွင့်ရရှိသူများမှာ (၈၉၆)ဦးအထိရှိ၍ လက်ရှိတွင် ဆေးရုံနှင့် သီးသန့်ထားရှိ စင်တာများတွင် ရှိနေသူမှာ စုစုပေါင်း (၇၀၈)ဦးရှိနေကြောင်း သိရသည်။