တာလေမြို့အထွက်တွင် ကျိုင်းတုံ နှင့် မိုင်းဖြတ်မှ လာသည့် ယာဉ်များကို တားပြီး စစ်တပ်က လက်ကမ်းစာရွက်များ ဖြန့်ဝေ

တာလေမြို့အထွက်တွင် ကျိုင်းတုံ နှင့် မိုင်းဖြတ်မှ လာသည့် ယာဉ်များကို တားပြီး စစ်တပ်က လက်ကမ်းစာရွက်များ ဖြန့်ဝေ
ဧပြီ 17, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း၊ တာလေမြို့အထွက်တွင် ကျိုင်းတုံ နှင့် မိုင်းဖြတ်ဘက်မှ လာသည့် ယာဉ်များကို တားပြီး စစ်တပ်ကာ ဝါဒဖြန့်စာရွက်များ ပေးဝေနေကြောင်း သိရသည်။

"ကျွန်တော်တို့ ကားကို တားပြီးတော့ စာရွက်ဝေတယ်။ ဝေတာက ရဲမဟုတ်ဘူး၊ စစ်ယူနီဖောင်းဝတ်ထားတဲ့ စစ်သားတွေ ဝေနေတာ။ စာရွက်ဝေချင်လို့ပါ ပြောပြီး စာရွက်ပေးလာတယ်။ ယူကြည့်လိုက်တော့ NLD နဲ့ CRPH ကို ပုတ်ခတ်ထားတာတဲ့ မဟုတ် မမှန်တဲ့ အကြောင်းအရာတွေ ဖြစ်နေတယ်။ မယူရင်လည်း ရစ်မှာဆိုးလို့ ယူလာခဲ့လိုက်တယ်"ဟု တာချီလိတ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။

ပေးဝေနေသည် လက်ကမ်းစာရွက်တွင် NLD ပါတီ၊ CRPH နှင့် ရွေးကောက်ပွဲတို့နှင့်ပတ်သက်သည့် အကြောင်းအရာများ အပြင် ဆန္ဒပြမှုအကြောင်းအရာများ ပါဝင်နေသည်။

ယခုလို ပေးဝေမှုများကို တာချီလိတ်ခရိုင်အတွင်း၌ တာလေမြို့အထွက်သာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဧပြီလ(၁၇)ရက်နေ့အထိ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။