KNU နယ်မြေအတွင်း တိုက်ပွဲတွင် သေဆုံး၊ဒဏ်ရာရ ရှိနေသည့် အာဏာသိမ်းစစ်တပ်က အင်အား ထပ်ဖြည့်နေပြီး ရွာသားများကို ပေါ်တာဆွဲနေ

KNU နယ်မြေအတွင်း တိုက်ပွဲတွင် သေဆုံး၊ဒဏ်ရာရ ရှိနေသည့် အာဏာသိမ်းစစ်တပ်က အင်အား ထပ်ဖြည့်နေပြီး ရွာသားများကို ပေါ်တာဆွဲနေ
သြဂုတ် 24, 2021 | နိုင်ငံရေး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်နှင့် KNU/KNLA တို့  တစ်နာရီကြာတိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရခဲ့သည့် အာဏာသိမ်းစစ်တပ်က အင်အားဖြည့်တင်းခြင်းနှင့် ကျေးရွာဒေသခံများအား ပေါ်တာဆွဲခြင်းများကို လုပ်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်းသို့ နယ်ခြားစောင့်တပ်(BGF) အကူအညီဖြင့် ယမန်နေ့ကတည်းက စစ်ကြောင်း (၃) ကြောင်းဖြင့် ဝင်လာခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ (၂၄) ရက်နေ့ ညနေ (၄) နာရီကျော်တွင် တားမြစ်နယ်မြေကျော်လာသည့် အာဏာသိမ်းစစ်တပ်နှင့် KNU/KNLA တို့ ရေတွင်းဖြူနှင့် အံဖလေးရွာကြားတွင် တစ်နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်မှ (၂) ဦးသေ၊ (၄) ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

ယင်းအပြင် ကွင်းကလေး(ယွာဖိုး) အနီး ယမန်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်လည်း အာဏာသိမ်းစစ်တပ်ဘက်မှ (၁) ဦးသေ၊ (၂) ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် ယနေ့ညနေတွင် အဆိုပါတပ်ဖွဲ့ဘက်သို့   စစ်အင်အား (၅၀) ကျော် အင်အားထပ်ဖြည့်ရောက်လာသည်ကို တွေ့ရသည်ဟု သိရသည်။

ကွင်းကလေး(ယွာဖိုး)အနီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က အနီးရှိကျေးရွာဖြစ်သည့် ကော်သနော့ရွာမှ ရွာအုပ်ချုပ်ရေးမှူးနှင့် အတွင်းရေးမှူးကို ဖမ်းခေါ်သွားသည့်အပြင် ရွာသားများကို ပေါ်တာဆွဲနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေကြရကြောင်း သိရသည်။

ယင်းအပြင် အာဏာသိမ်းစစ်တပ်နှင့် BGF အဖွဲ့က ကွင်းကလေး (ယွာဖိုး)အနီး တပ်စွဲထားသဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြကြောင်း သိရပြီး ရေတွင်းဖြူနှင့် ကမိုင်ကုန်းဘုန်းကြီးကျောင်းတို့တွင်လည်း အာဏာသိမ်းစစ်တပ်နှင့် BGF ပူးပေါင်းအဖွဲ့များ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်အတွင်းသို့  အာဏာသိမ်းစစ်တပ်က ကော့ကရိတ် - ကမိုင်ကုန်းလမ်းကြောင်းအတိုင်း BGF (1017) ဗိုလ်ဒီးဒီ ဦးဆောင်သည့်အဖွဲ့နှင့် ပူးပေါင်း၍ လည်းကောင်း၊  ကျုံဒိုး-ထီးဟူသံ လမ်းကြောင်းအတိုင်း BGF(1020) ဗိုလ်ဘီလူး ဦးဆောင်သည့်အဖွဲ့နှင့် ပူးပေါင်း၍လည်းကောင်း၊ ကျိုက်ဒုံ - ကွင်းကလေး လမ်းကြောင်းအတိုင်း BGF(1023) ဗိုလ်ဒေါဒေါ ဦးဆောင်သည့်အဖွဲ့နှင့် ပူးပေါင်း၍လည်းကောင်း ယမန်နေ့ကတည်းက ဝင်လာကြပြီး လက်ရှိတွင် ဒေသအသီးသီးရှိ ဘုန်းကြီးကျောင်းများနှင့် ကျောင်းများအနီးတွင် တပ်စွဲထားကြသည်ဟု ဒူးပလာယာခရိုင်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်စပ်သတင်း