ကော့ကရိတ် ကမိုင်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို နယ်ခြားစောင့်တပ်က အင်အား ထပ်ဖြည့်ပေးနေ

ကော့ကရိတ် ကမိုင်ကုန်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို နယ်ခြားစောင့်တပ်က အင်အား ထပ်ဖြည့်ပေးနေ
သြဂုတ် 24, 2021 | နိုင်ငံရေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ကမိုင်ကုန်းရွာရှိ ဘုန်းကြီးကျောင်းတွင် ယမန်နေ့ကတည်းက တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ထံသို့ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်တပ် (BGF) အဖွဲ့က အင်အား (၃၀) ဝန်းကျင်က ရိက္ခာများနှင့်အတူ အင်အားထပ်ဖြည့်နေသည်ဟု  သိရသည်။

အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့နယ်အား နှစ်ဖက်ပိတ်အနေအထားဖြင့် ကမိုင်ကုန်းနှင့် ကွင်းကလေးတို့ဘက်မှနေ၍ စစ်ကြောင်းထိုးနေပြီး ကမိုင်ကုန်းကျေးရွာဘက်တွင် ယမန်နေ့ နံနက်ပိုင်းက ရောက်လာသည့် အာဏာသိမ်းစစ်တပ်က ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားကာ အနီးဝန်းကျင်ကို လက်နက်ကြီး အချက် (၅၀) ထက်မနည်း ပစ်ခတ်ခဲ့သဖြင့် ရွာလုံးကျွတ်တိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အဆိုပါနေရာသို့ ယနေ့နံနက်ပိုင်းတွင် BGF အဖွဲ့ အင်အား (၃၀)ခန့်က ရိက္ခာများနှင့်အတူ ရောက်လာကြပြီး ဘုန်းကြီးကျောင်းအတွင်း နေရာယူပြင်ဆင်နေကြသဖြင့် တိုက်ပွဲဖြစ်လာနိုင်သည့် အနေအထားများကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း ကမိုင်ကုန်းကို စစ်ကြောင်းထိုးချိန်နှင့် တစ်ပြိုင်တည်း  မြို့နယ်၏ အခြားတစ်ဖက်ဖြစ်သည့် ကွင်းကလေး(ယွာဖိုး) တွင် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်း စစ်တပ်နှင့်အတူ BGF လည်းပါဝင်တိုက်ခိုက်ပြီး  အဆိုပါပူးပေါင်းအဖွဲ့က ယမန်နေ့ KNU/KNLA နှင့် တိုက်ပွဲအပြီး၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကို ဖမ်းခေါ်သွားသည့်အပြင် ကျေးရွာတွင်းမှ အမျိုးသားများကို ပေါ်တာလိုက်ဆွဲနေခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း KNU နယ်မြေအားလုံးနီးပါးကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်မှုများ လုပ်လာသည်ကို တွေ့ရပြီး အာဏာသိမ်းစစ်ကောင်စီ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မွန်ပြည်နယ် သထုံအခြေစိုက် တပ်မ ၄၄ တွင် ရောက်ရှိနေကာ စစ်ဆင်ရေးကွပ်ကဲမှုဆောင်ရွက်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အရာရှိတစ်ဦးကို ကိုးကား၍ Salween Press သတင်းဌာနက ယမန်နေ့က သတင်းဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။

KNU ထိန်းချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်ရာတွင်  BGF အင်အားစုများကို များစွာအသုံးပြုနေသည်ဟုလည်း သတင်းများထွက်ပေါ်နေကြသည်။

ဆက်စပ်သတင်း