တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စိတ်ကူးယဉ်မဆန်ကြရန် အာဏာသိမ်းခေါင်းဆောင်ဆို

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို စိတ်ကူးယဉ်မဆန်ကြရန် အာဏာသိမ်းခေါင်းဆောင်ဆို
အောက်တိုဘာ 15, 2021 | နိုင်ငံရေး
By Tachileik News Agency

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးသည့် (၆) နှစ်ပြည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင်က ရွေးကောက်ခံ အစိုးရမဟုတ်သည့် ၎င်းတို့အာဏာသိမ်းအဖွဲ့နှင့် ဆွေးနွေးရန်မလို၊ အယုံအကြည်မရှိဆိုသည့် အယူအဆများဖြင့် စိတ်ကူးယဉ် မဆန်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ပြောထားသည်ကို တွေ့ရသည်။

၎င်းတို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မထိခိုက်စေရန်   သဘောထားကြီးစွာဖြင့် တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်နေရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA ငြိမ်းချမ်းရေး လမ်းကြောင်းမှ သွေဖည်မသွားစေရန် အထူးသတိပြုကြစေလိုသည်ဟုလည်း စစ်အာဏာသိမ်းခေါင်းဆောင်က ဆိုထားသည်။

စစ်အာဏာသိမ်းအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ သဝဏ်လွှာတွင် ယင်းကဲ့သို့ ဖေါ်ပြထားခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က ပြည်သူရွေးကောက်ထားသည့်အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး နိုင်ငံ့အာဏာသိမ်းထားသည့်အတွက် NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ရမည့် ရွေးကောက်ခံအစိုးရ၊ လွှတ်တော်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ လက်ရှိတွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ရွေးကောက်ပွဲထပ်မံကျင်းပပြီးပါက ပါဝင်လာမည်ဟု အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။

ယင်းအပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးတည်ဆောက်မှုအောင်မြင်ပြီး တိုင်းရင်းသားနယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည်ဟု ဆိုထားသည်ကို တွေ့ရသည်။

NCA စာချုပ် (၆) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကလည်း စာချုပ် (၆) နှစ်ပြည့်အဖြစ် ထုတ်ပြန်ရာတွင် စစ်အာဏာသိမ်းမှုကြောင့် လုံးဝရပ်တန့်သွားရသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် ပဋိပက္ခများကို ဖြေရှင်းရန် စစ်အာဏာသိမ်းအဖွဲ့ဖမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ဖမ်းဆီးခံအားလုံး လွှတ်ပေးပြီး တိုင်းပြည်အာဏာကို အရပ်သားကိုယ်စားလှယ်အုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း အမြန်ပြန်လွှဲပြောင်းရန်စသည့် နိုင်ငံရေးရည်မှန်းချက် (၇) ချက်ကို လက်တွေ့အကောင်အထည်ဖေါ်မည်ဟု ထုတ်ပြန်ထားသည်။