စစ်တပ်ကျောထောက် နောက်ခံ USDP ပါတီကို ပါတီမှတ်ပုံတင် အမှတ်စဉ်(၁)ဖြင့် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC က ကြေညာ

စစ်တပ်ကျောထောက် နောက်ခံ USDP ပါတီကို ပါတီမှတ်ပုံတင် အမှတ်စဉ်(၁)ဖြင့် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC က ကြေညာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ ပြန်လည်ပြင်ဆင်လိုက်သည့် နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေအရ ပထမဆုံး ပြန်လည်ပြီး ပါတီ မှတ်ပုံတင်သည့် စစ်တပ်၏ ကျောထောက်နောက်ခံဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ပါတီမှတ်ပုံတင် အမှတ်စဉ်(၁)ဖြင့်  ၂၀၂၃ခုနှစ် ဧပြီလ(၂၀)ရက်နေ့က ခွင့်ပြုလိုက်ကြောင်း သိရသည်။

ယင်းသို့ ခွင့်ပြုပြီးနောက် နေပြည်တော်ရှိ ကြံ့ဖွံ့ပါတီ၏ ရုံးချုပ်သို့ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဌ ဦးသိန်းစိုးနှင့်အဖွဲ့က သွားရောက်ပြီး အသစ်ပြန်လည် စိတ်ကြိုက် ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီဆောင်ရွက်ထားမှု ရှိ မရှိ စစ်ဆေးခဲ့သည်ဟု သိရသည်။

 အာဏာသိမ်းစစ်ကောင်စီက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများအရ ပြန်လည်မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများမှာ (၆၃)ပါတီရှိပြီး ပြန်လည်မှတ်ပုံမတင်သည့် နိုင်ငံရေးပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအချုပ်(SNLD)ပါတီ အပါအဝင် ပါတီပေါင်း (၄၀)မှာ ပြန်လည်မှတ်ပုံမတင်၍ဟုဆိုကာ ဖျက်သိမ်းသည်ဟု စစ်ကောင်စီ၏ UEC က ကြေညာထားသည်။ 

ရက်အတိအကျ သတ်မှတ်နိုင်ခြင်း မရှိသေးသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် UEC က ကော်မရှင်ရုံးခွဲအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အရာရှိများကို လုပ်ငန်းခွင့်အကြိုစွမ်းရည်မြှင့်သင်တန်းများအဖြစ် ၂၀၂၃ခုနှစ် ဧပြီလ(၈)ရက်နေ့က ပို့ချခဲ့ကြောင်းလည်း သိရသည်။