တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်း

တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ယာယီရပ်ဆိုင်း
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေး
By Tachileik News Agency

မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် လေဆိပ်အားလုံးကို လေယာဉ်အတက်အဆင်း ရပ်တန့်ထားရာ ကိုဗစ်ကာလအတွင်း နေရပ်ပြန်မြန်မာများကို ပြန်လည်ခေါ်ဆောင်ပေးနေသည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။

Covid-19 ထိန်းချုပ်ရေးအတွက် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းအား ရပ်နားထားသော်လည်း ကိုဗစ်ကာလအတွင်း နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသားများကို ပြန်ခေါ်ပေးနေသည့် ကယ်ဆယ်ရေးလေယာဉ်များနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲမှုကို ခွင့်ပြုပေးနေခြင်းဖြစ်သည်။

လက်ရှိတွင် လေဆိပ်အားလုံး၌ လေယာဉ်များ ဆင်းသက်ခွင့်ကို ယာယီပိတ်လိုက်သည့်အတွက် ကယ်ဆယ်ရေးလေယာဉ်များ၏ ခရီးစဉ်များကို ခေတ္တရပ်နားထားရသဖြင့် ကယ်ဆယ်ရေး လေယာဉ်လက်မှတ်များ ဝယ်ယူထားသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကယ်ဆယ် ရေးလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲချိန်ကို စောင့်ဆိုင်းကြရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီထိပ်ပိုင်းတာဝန်ရှိသူများ၊ ရွေးကောက်ခံကိုယ်စားလှယ်များအား ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အာဏာသုံးရပ်ကို ရယူလိုက်ကြောင်းနှင့် နိုင်ငံအား အရေးပေါ်အခြေအနေ (၁)နှစ် ကြေညာကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနမှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။