Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဆိုင်များက လွဲ၍ ရွှေဆိုင် မှ ဖိနပ်ဆိုင်အထိ ဖွင့်လှစ်ခွင့် မရှိ

Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဆိုင်များက လွဲ၍ ရွှေဆိုင် မှ ဖိနပ်ဆိုင်အထိ ဖွင့်လှစ်ခွင့် မရှိ
သြဂုတ် 20, 2021 | Covid-19| ရှမ်းရှေ့

Stay at Home သတ်မှတ်ထားသည့် ကျိုင်းတုံမြို့တွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန် နှင့် ရေသန့်၊ ဆပ်ပြာ၊ ဆေးဝါးပစ္စည်းဆိုင်များသာ ဖွင့်လှစ်ရောင်းချခွင့်ရှိမည်ဖြစ်ပြီး ရွှေဆိုင် နှင့် အခြားဆိုင်များ ဖွင့်လှစ်ခွင့်ရှိမည် မဟုတ်ကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက အသိပေးထားသည်။

အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ မုန့်မျိုးစုံ ရောင်းချသည့် ဆိုင်များ၊ ရေသန့်၊ ဆပ်ပြာ နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များသာ ရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်လှစ်ခွင့်မရှိသည့် လုပ်ငန်းနှင့်ဆိုင်များမှာ ရွှေဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ အလှကုန်နှင့်အဝတ်အထည်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဝပ်ရှော့၊ ကားပစ္စည်းဆိုင်၊ ရိုးရာပစ္စည်းဆိုင်၊ ဖုန်းပစ္စည်းအရောင်းဆိုင်၊ ဖိနပ်ဆိုင် စသည့် အလားတူဆိုင်များ လုံးဝ ဖွင့်လှစ်ရောင်းခွင့်ရှိမည်မဟုတ်ကြောင်း နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဈေးများတွင်ရောင်းချနေသည့် ပျံကျဈေးသည်များမှာ ဈေးပိတ်ထားသည့် ကာလအတွင်း မိမိတို့၏ ရပ်ကွက်များအတွင်း နေအိမ်ရှေ့နှင့် လမ်းထိပ်များတွင် စည်ပင်သာယာရေးဌာန၏ အသိပေးချက်အတိုင်း ဩဂုတ်လ(၁၉)ရက်နေ့ကစ၍ ရောင်းချပေးနေကြောင်းလည်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် Covid-19  တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ  ဩဂုတ်လ (၁၉) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၈၀၂) ဦးတွေ့ထားသည့်အနက် ဆေးရုံဆင်းသူ (၃၉၂) ဦး၊ သေဆုံးသူ (၁၀) ဦးနှင့် ကုသမှုခံယူဆဲ (၄၀၀) ဦးရှိသည်ဟု သိရသည်။



#TachileikNewsAgency