တာချီလိတ်မြို့တွင် ရဲတစ်ဦး ဓါးဒဏ်ရာရခြင်းမှာ အော်ဆဲနေသည့် ဆေးသမားနှင့် စကားများပြီး ဓါးထိုးခံရခြင်း ဖြစ်နေ 

တာချီလိတ်မြို့တွင် ရဲတစ်ဦး ဓါးဒဏ်ရာရခြင်းမှာ အော်ဆဲနေသည့် ဆေးသမားနှင့် စကားများပြီး ဓါးထိုးခံရခြင်း ဖြစ်နေ 
အောက်တိုဘာ 8, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

 တာချီလိတ်မြို့ရှိ  မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ကျနေသည့် ရဲအား ဓါးဖြင့်ထိုးသူမှာ ဆေးသမားတစ်ဦးဖြစ်နေပြီး အော်ဟစ်ဆဲဆိုနေ၍ ရဲက တားမြစ်ရာမှ စကားများပြီး   ဓါးဖြင့်ထိုးခံရခြင်း ဖြစ်သည်ဟု သိရသည်။

နေတိုင်းလိုလိုပဲ ထိုင်ပြီး ဆဲနေတာ။ ကြားနေရတယ် အော်ဆဲတော့ ဘဏ်ထဲက ရဲက မအော်ဆဲဖို့ သွားပြောတာ။ ရဲ က ဒုတိယကြိမ်လက်သီးနဲ့ ထိုးမယ့်ချိန်မှာ ရဲလက်ကို သူကဖမ်းဆွဲ ပြီး (၂)ချက်လား (၃)ချက်လားမသိ ဓားနဲ့ထိုးလိုက်တာ။ ပြီးတော့ ထွက်ပြေးတာ နောက်ကနေ Taxi ဦးလေးတွေ လည်း လိုက်တာ။ မမိလိုက်ဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

 

ထိခိုက်ဒဏ်ရာရရှိသွားသည့် ရဲတပ်ဖွဲ့ဝင်မှာ တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်တင်အောင်မိုးဆိုသူဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးတာဝန်ကျနေသူဖြစ်ပြီး ၎င်းသည် ဓါးဒဏ်ရာဖြင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

 

တာချီလိတ်မြို့ ရှမ်းမကုန်တိုက်  ဆိုင်ခန်းများတွင် ဖွင့်လှစ်ထားသည့် ရွှေတော်ဝင် ဆေးခန်းရှေ့တွင်  နေထိုင်ပြီး အမြဲအော်ဟစ်ဆဲဆိုနေသည့် အမျိုးသားမှာ အသက်(၃၀)နှစ်ဝန်းကျင်အရွယ် ပိန်ပိန်ပါးပါး သဏ္ဍာန်ဟု သိရပြီး မူးယစ်ဆေးဝါးသုံးစွဲနေသူဖြစ်ကြောင်း နှင့် ၎င်းအား နံနက်က လိုက်ဖမ်းသော်လည်း မမိသည့်အပြင် ယနေ့ ညနေ(၅)နာရီဝန်းကျင်မှာ  မူလနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ပစ္စည်းများသိမ်းက အခြားသို့ သွားလိုက်ပြီဟု သိရသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး လေလွှင့်သွားလာနေသူ အများအပြားရှိနေသော်လည်း လူမှုဝန်ထမ်းဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှ ထိန်းကျောင်းနိုင်ခြင်းမရှိသလို မူးယစ်ဆေးစွဲသူများမှာ လမ်းပေါ်တွင် ဓါးကိုင်ဆောင်၍ သွားလာနေသည်မှာလည်း အများအပြားရှိနေသည့်အတွက် ကလေးရှိသည့် မိခင်များကလည်း စိုးရိမ်နေသော်လည်း မည်သို့မှ မတတ်နိုင်ဖြစ်နေသည်ဟု သိရသည်။

"ဗိုလ်ချုပ်လမ်းမပေါ် ဆိုင်ကယ်မောင်းသွားချိန်၊ ဆေးသမားအချို့ မီးဖိုချောင်သုံး ဓါးတွေ ကိုင်ပြီးပတ်သွားနေတာကိုလည်း တွေ့ရတယ်။ တခါတလေ လမ်းကြားတွေမှာလည်း တွေ့ရတယ်။ အိမ်ထဲက ကလေးတွေကို လမ်းပေါ်ထွက်ဆော့ရင် သတိထားဖို့ ပြောနေရတယ်။ အရင်တုန်းက နေရပ်ပြန်ပို့လိုက်ကြတာရှိပေမဲ့ အခုတော့ ပြန်ပြီး များလာတာကို တွေ့နေရတယ်။ ဘာမှမတတ်နိုင်ဘူး။ ကိုယ့်ဘာသာပဲ သတိထားနေနေရတယ်။"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်တွင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ဒုစရိုက်မှုများ မကြာခဏဖြစ်ပွားသလို တားဆီးနိုင်ခြင်းမရှိသည့်အပြင် တာချီလိတ်ခရိုင်တစ်ခုလုံးအနေဖြင့် နယ်ရဲ ရဲတပ်ဖွဲ့ဝင်အင်အား (၃၀၀)ဝန်းကျင်သာရှိသည်ဟု သိရသည်။

#TachileikNewsAgency