တာချီလိတ်ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားက တစ်ဆင့် ကျွဲ နွား အကောင်ရေ တစ်သိန်းခွဲ တင်ပို့ပေးရန် လာအိုဘက်က ကမ်းလှမ်း

တာချီလိတ်ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားက တစ်ဆင့် ကျွဲ နွား အကောင်ရေ တစ်သိန်းခွဲ တင်ပို့ပေးရန် လာအိုဘက်က ကမ်းလှမ်း
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency

တာချီလိတ်ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားက တစ်ဆင့် ကျွဲ နွား အကောင်ရေ တစ်သိန်းခွဲ တင်ပို့ပေးရန် လာအိုဘက်က ကမ်းလှမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံသို့ ကျွဲ၊ နွားကောင်ရေ တစ်သိန်းခွဲ တင်ပို့ပေးရန် လာအိုနိုင်ငံဘက်မှ ကမ်းလှမ်းထားသဖြင့် မြန်မာဘက်မှ ခွင့်ပြုပေးနိုင်ရေး စိစစ်နေကြောင်းသိရသည်။

"လာအိုဘက်ကနေပြီးတော့မှ ကျွဲ၊ နွားကောင်ရေအရှင် တစ်သိန်းခွဲလောက် ကမ်းလှမ်းလာတာပေါ့။ သူတို့ကလည်းမွေးထားပြီးတော့ တရုတ်ကိုပြန်တင်ပို့မယ့် အစီအစဉ်လို့ အကြမ်းဖျင်းသိရပါတယ်။ မကြာမီရက်ပိုင်းကလည်း ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးဒီဒေသကို လာခဲ့တာရှိပါတယ်။ ခရီးစဉ်မှာ ဆိတ်အရှင်အပြင် ကျွဲ၊ နွားတွေစီစစ်ပြီး ခွင့်ပြုပေးနိုင်တဲ့ အစီအစဉ်ရှိတယ်ဆိုတာလည်း လမ်းညွှန်ခဲ့တာရှိပါတယ်"

ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကျွဲ၊ နွားတင်ပို့မည်ကုမ္ပဏီများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဝယ်ယူစုဆောင်းခွင့်ပြုထားပြီး ကုန်သွယ်ရေးဦးစီးဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့ခွင့်ပြုရန်စီစဉ်ထားရှိကြောင်း သိရသည်။

"ကျိုင်းလပ်ဘက်ကနေဆိတ်ပို့တဲ့လုပ်ငန်းတွေကို ၂၀၁၉ ခုနှစ် (၉) လပိုင်းကတည်းက စခဲ့တာ။ ကျွဲ၊ နွား ကူးသန်းသွားလာမယ်ဆိုရင်လည်း ကျွန်တော်တို့ခွင့်ပြုပါတယ်။ လက်ရှိမှာ တိရိစ္ဆာန်ယာယီရောဂါစောင့်ကြည့်ရေးစခန်းက လောလောဆယ်ကျိုင်းတုံမှာရှိပါတယ်။ အဲဒီကစစ်ဆေးခွင့်ပြုပြီးမှ ကျိုင်းလပ်တံတားကနေဖြတ်နေတာပေါ့။ နောကပိုင်း ကျိုင်းလပ်ဘက်ကဖြတ်မယ်ဆိုရင် မိုင်းပါလျှိုးမှာ ရုံးမြေနေရာရှိပါတယ်။ ကျိုင်းလပ်တံတားနားမှာလည်းရုံးရှိတယ်။ တာလေမှာလည်းရှိတယ်။ စစ်ဆေးရေးစခန်းဆိုတာ ဂိတ်နဲ့အနီးဆုံးမှာရှိရမှာ ဖြစ်တဲ့အတွက် ကျွဲ၊ နွားရောဂါစစ်ဆေးရေးစခန်းဖြစ်လာနိုင်တဲ့ အနေအထားရှိပါတယ်"

ဟု တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတင်ကိုကိုက ပြောသည်။

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့  ပြောင်း၊ ဆန်၊ ရာဘာနှင့် ဆိတ်အရှင်များတင်ပို့မှုကို ၂၀၁၉ ခုနှစ် သြဂုတ်လမှစတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တရုတ်နိုင်ငံတွင်း ဝူဟန်(ကိုရိုနာဗိုင်းရပ်စ်) ဖြစ်ပွားနေသည့်အတွက် နယ်စပ်ဂိတ်များပိတ်ထားသဖြင့် ကုန်သွယ်မှုများကျဆင်းနေရာ  လာအိုနှင့် ထိုင်းနိုင်ငံသို့ ကုန်စည်များတင်ပို့နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တွင် ကုန်သွယ်မှုမြှင့်တင်မှုအစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ကျင်းပခဲ့ရာတွင် ဌာနဆိုင်ရာများနှင့် တာချီလိတ်မြို့မှကုန်သည်များ လာအိုနှင့် ထိုင်းနိုင်ငံတို့သို့ ကုန်စည်များတရားဝင်တင်ပို့နိုင်ရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~